နေပြည်တော် ၂၉ မေ
မြန်မာနိုင်ငံတွင်ယခုကာလအတွင်း၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊မိုးသီးကြွေခြင်း များဖြစ်ပွားလျက်ရှိရာ မေ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်၊ ရေတာရှည်၊ သာယာဝတီ၊ လက်ပံတန်းနှင့် နတ္တလင်းမြို့နယ်တို့၌ နေအိမ်(၆၅)လုံးပြိုကျပျက်စီးပြီး၊ နေအိမ်(၅၅၀)၊ ဘာသာရေး အဆောက်အဦ (၁)လုံး အမိုးအကာလန်ပျက်စီးခြင်းနှင့် လူ(၁)ဦးသေဆုံးခြင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေး၊ မင်းလှနှင့် ချောက်မြို့နယ်တို့၌ နေအိမ်(၁)လုံးပြိုကျပျက်စီးပြီး နေအိမ်(၁၃)လုံး အမိုးအကာ လန်ပျက်စီးခြင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် မိုးနဲမြို့နယ်တို့၌ နေအိမ်(၈)လုံး အမိုးအကာလန် ပျက်စီးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့၌ နေအိမ်(၁၆)လုံးပြိုကျ ပျက်စီးပြီး နေအိမ်(၁၈၂)လုံး အမိုးအကာလန်ပျက်စီးခြင်း တို့ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ ထောက်ပံ့မှုများ အမြန်ဆုံး သွားရောက်ဆောင်ရွက်ခဲ့သည်။
ဧပြီ ၉ ရက်မှ မေ၂၉ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုတို့ကြောင့် နေအိမ်(၉၄၂)လုံးနှင့် ဘာသာရေးအဆောက်အဦ(၆)လုံး ပြိုကျပျက်စီးခြင်း၊ နေအိမ်(၁၂၈၀၃)လုံးနှင့် ဘာသာရေး အဆောက်အဦ(၂၄၂)လုံး အမိုးအကာလန် ပျက်စီးခြင်းနှင့် လူ(၉)ဦးသေဆုံးပြီး လူ(၂၆)ဦးဒဏ်ရာရရှိခဲ့သည်။
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုးများနှင့် သေဆုံး၊ ဒဏ်ရာရသူထောက်ပံ့ခြင်း များအတွက် စုစုပေါင်း ငွေကျပ် ၇၁၅ ဒသမ ၉ သန်းကျော် ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။
ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြု နေထိုင်ကြပါရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
သတင်းစဉ်


