mdn

နေပြည်တော် ဩဂုတ် ၁၈

အရည်အသွေးပြည့်ဝသော ပညာတတ်များပေါ်ထွန်းလာရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသအလိုက် ပြည်သူများ ပညာရည်မြှင့်မားရေးအတွက် ဆရာ/ဆရာမ များ အနေဖြင့် ရုံးပိတ်ရက်ရှည်ခံစားနေသည့်ကာလ အတွင်း မိမိသင်ကြားရသည့် ဘာသာရပ်များ အလိုက် သင်ရိုးညွှန်းတမ်းနှင့်သက်ဆိုင်သော ဘာသာရပ် များကို အရည်အသွေးမြှင့်တင်ရန် စဉ်ဆက်မပြတ် လေ့လာဆွေးနွေး ဆောင်ရွက်သွားရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနက တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် Zoom Meeting ဖြင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

 အဆိုပါအစည်းအဝေးသို့ အခြေခံပညာ ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ တက်ရောက်ကြပြီး ညွှန်ကြားရေး မှူးချုပ် ဦးကျော်စွာသွင်က ဆရာ/ ဆရာမ များ အနေဖြင့် ရုံးပိတ်ရက်ရှည်ခံစားနေစဉ် ကာလ အတွင်း သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို အရည်သွေးမြှင့် ဆွေးနွေးပွဲများ Online စနစ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို ဘာသာ ရပ်အလိုက် ပိုမိုကျွမ်းကျင်ပိုင် နိုင်စွာ သင်ကြားနိုင်ရေးအတွက် ဆရာ/ဆရာမများ၏ အရည် အသွေးကို ပိုမိုမြှင့်တင်ဆောင်ရွက် ထားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူများ၏ လူမှုဘဝမြှင့်မား ရေးအတွက် ပညာရေးသည် အဓိကကျသည့် လူသားအရင်း အမြစ်များဖြစ်ရာ အရည်အသွေး ပြည့်ဝသည့် ပညာတတ်များမွေး ထုတ်ပေးရန် စဉ်ဆက် မပြတ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပညာရေးမြှင့်တင် နိုင်ရေးအတွက် ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာများကိုလည်း သက်ဆိုင်ရာဌာနများအလိုက် ညီညီညွတ်ညွတ် ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးကာ လိုအပ် သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။  

စိုးအောင် (ပညာရေး)