မကွေး ၅ မတ်

၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဦးတည်ချက်ဆောင်ပုဒ်မှာ မျိုးဆက်တိုင်းအတွက် လိုအပ်ချက် အမျိုးသမီးအခွင့်အရေး သိလျက်ဖော်ဆောင်ရွက် “I am Generation Equality; Realizing Women’s Rights ” ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၅ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မြန်မာ့သမိုင်းစဉ် တစ်လျှောက်မှာ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး နိုင်ငံနှင့်လူမျိုး၊ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုသမီးရေးရာကော်မတီ ဦးဆောင်မှုဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို တစ်နိုင်ငံလုံးမှ အမျိုးသမီးထုတို့၏ အခွင့်အရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်အားဖြင့် ရေးဆွဲထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အနေဖြင့် မူဝါဒ(၄)ရပ်ချမှတ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) Convention on the Elimination of all forms of Discrimination Against Women ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာအမျိုးသမီးများ၏ အခွင့်အရေးရပိုင်ခွင့်များ အပြည့်အ၀ရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသမီးဖြစ်ခွင့်ရသည်မှာ အပြုသဘောဆောင်သည့် အားသာချက်များစွာရှိသော်လည်း ယခုထက်ပိုမိုကောင်းမွန်တဲ့ အနေအထားဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားရန် ကျန်ရှိနေသည်များကို အသိအမှတ်ပြုဖို့ လိုအပ်မှာဖြစ်ကြောင်း၊ အမျိုးသမီးများအတွက် အာမခံချက်ရှိတဲ့ တန်းတူအခွင့်အရေးများ သေချာစွာရရှိရန်ဆောင်ရွက်ဖို့ အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံမှာလည်း တာဝန်ရှိကြောင်း၊ ဒါကြောင့် ဆင်းရဲမှုလျှော့ချရေး၊ လူနေမှုဘဝမြင့်မားရေး လုပ်ငန်းတွေမှာ မောင်တစ်ထမ်း၊ မယ်တစ်ရွက် အမျိုးသမီးတွေရဲ့ လုပ်အားစွမ်းပကားကို ရဲရဲဝံ့ဝံ့ ပြသနိုင်သူတွေဖြစ်အောင် အမျိုးသားများက ဝိုင်းဝန်းပံ့ပိုးပေးကြပါ၊ ရည်ရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများရစေဖို့  သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်များ၊ INGO, NGO များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်မှ အဖွဲ့အစည်းများ အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ဝိုင်းဝန်းပူးပေါင်းကာ လှုပ်ရှားကြိုးစား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

 

ဆက်လက်၍ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကူညီပေးခဲ့သော NGO များနှင့် လူမှုရေးအသင်းအဖွဲ့များအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး Woman Club (Magway) ခေမာလူမှုကူညီရေးအသင်း၊ အေးချမ်းမေတ္တာ ပရဟိအဖွဲ့တို့ ပူးပေါင်းတင်ဆက်သော ဇာတ်လမ်းစာရေးဆရာ ဦးကိုကိုနိုင် (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ မကွေး)၏ အမျိုးသမီးများဆိုင်ရာအခွင့်အရေး အသိပညာပေး ဇာတ်လမ်းတိုဖျော်ဖြေမှု၊ Actionaid အဖွဲ့မှ ဗေဒါလမ်း တေးသရုပ်ဖော်နှင့် အကြမ်းဖက်မှုများလျော့နည်းဘို့ အမျိုးသမီးများအားလုံး ပူးပေါင်းပါဝင်စို့ ပြဇာတ်တို့ဖြင့် ဖျော်ဖြေရေး အစီအစဉ်များ တင်ဆက်ခဲ့သည်။

 

၎င်းနောက် သရုပ်ဖော် အစီအစဉ်များဖြင့် ပူးပေါင်းပါဝင် ဖျော်ဖြေတင်ဆက်ခဲ့သော အဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ NGO, INGO အဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက တိုင်းဒေသကြီးအတွင်း အမျိုးသမီးဖွံ့ဖြိုးရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)