မကွေး ၂၆ နိုဝင်ဘာ
နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ မိမိတို့ရင်သွေးငယ်တွေရဲ့ ကျန်းမာရေးပြဿနာကို ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ဦးစာပေးလုပ်ငန်းတစ်ရပ် အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝက်သက်ရောဂါဆိုရင် ဝက်သက်ရောဂါ ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်၍ ကူးစက်မြန်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အသက်ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်တတ်သော ရောဂါလည်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်က စစ်ကိုင်းတိုင်းနာဂဒေသမှာ အကြီးအကျယ်ဖြစ်ပွားခဲ့တာက ဝက်သက်ရောဂါပဲဖြစ်ကြောင်း၊ ဒါ့အပြင် ၂၀၁၈ တုန်းကလည်း ရန်ကုန်တိုင်းဒေသကြီးမှာ ဝက်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားခဲ့ပြီး မကွေးတိုင်းအတွင်းတွင်လည်း ၂၀၁၉ ခုနှစ်တွင် မြို့သစ်မြို့နယ်၊ အောင်လံနှင့် ပေါက်မြို့နယ်တို့တွင် ကပ်ရောဂါအသွင်ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း၊ ဝက်သက်ကာကွယ်ဆေး ထိုးနှံမထားသော၊ ကာကွယ်ဆေးထိုးထားပေမယ့် မဖြစ်ပေါ်သေးသော၊ ဝက်သက်မပေါက်သေးသော၊ ဝက်သက်ရောဂါ ခုခံအားမရှိသော မည်သူမဆို ကူးစစ်ခံရနိုင်ကြောင်း၊ တိုင်းဒေသကြီးတစ်ခုလုံး ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက်ထိုးနှံတဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ကလေးတွေအားလုံး ကာကွယ်ဆေး ရရှိဖို့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်၊ ဒါကြောင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ INGOs, NGOs များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးထိုးနှံတဲ့နေရာမှာ အားတက်သရော ပူးပေါင်းပါဝင် ကူညီဖို့အတွက် အထူးတိုက်တွန်းလိုကြောင်း ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကာကွယ်ဆေးထိုးစုရပ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါလုပ်ငန်းကို မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးသေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန်နှင့် မြန်မာနိုင်ငံ၌ (၂၀၂၃)ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေး ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ (၂၃၄)မြို့နယ်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အတွင်း အသက်(၉)လမှ (၅)နှစ်ခွဲအတွင်းရှိ ကလေးများအား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းတစ်ကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


