မကွေး ၂၂ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒု-ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတို့သည် တာဝန်ရှိသူများ လိုက်ပါကာ မြို့သစ်မြို့နယ် နင်းကြမ်းကျေးရွာအုပ်စု၊ နင်းကြမ်းအခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦတာနှင့် ဒု-ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေနှင့် တိုင်းဒေသကြီး သယံဇာတ သစ်တောနှင့် လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော်တို့က နင်းကြမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က ကျောင်းသမိုင်း ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွေးနံ့သာများ ပက်ဖျန်းပေးခဲ့သည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဝန်ကြီးများက အားပေးဂုဏ်ပြုစကား ပြောကြားပြီး မြို့သစ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့် အမိန့်ပြန်တမ်းအား နင်းကြမ်းကျောင်းအုပ်ဆရာကြီးထံ လွှဲပြောင်းပေးအပ်ကာ နင်းကြမ်းကျေးရွာ ကျောင်းကော်မတီ တာဝန်ရှိသူတို့က တက်ရောက်လာသူများထံ ကျောင်းဖွင့်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ကြသည်။
နင်းကြမ်းကျေးရွာတွင် ၁-၆-၁၉၃၀ ရက်နေ့မှ စတင်၍ အ.မ.က အဖြစ် ကျောင်းစတင် ဖွင့်လှစ်ခဲ့ပြီး ၁-၆-၁၉၅၈ ရက်နေ့တွင် အလယ်တန်းကျောင်းအဆင့်သို့ လည်းကောင်း၊ ၁-၆-၁၉၈၂ ရက်နေ့တွင် တွဲဘက် အ.ထ.ကနှင့် ၁-၆-၁၉၉၈ ရက်နေ့တွင် အ.ထ.က(ခွဲ)ကျောင်းအဖြစ် တိုးမြှင့်ရရှိကာ အခြေခံပညာ အထက်တန်းကျောင်းဆင့်ကို ၂၅-၅-၂၀၁၈ ရက်နေ့တွင် ရရှိခဲ့ကြောင်း၊ ယခုပညာသင်နှစ်တွင် ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၇၅) ဦးတို့ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)