သာယာဝတီ အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မင်းလမ်းကျေးရွာ စနစ်တကျ စံပြကွက် (၁၀၀) ဧက ဆင်းသုခ မိုးစပါး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ကုန်ထုတ်လမ်း ဆောင်ရွက်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ စပါးခွံသုံး စပါးအခြောက်ခံစက်ဖြင့် စပါးအခြောက်ခံနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ် အင်းရွာစိုက်ပျိုးရေး သုတေသနစခန်းသို့ ရောက်ရှိခဲ့ပြီး ဟင်းသီးဟင်းရွက်နှင့် မြန်မာ့တိုင်းရင်းဆေး ဆေးခါးကြီးပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ဒေသမျိုးရင်း ဟင်းသီးဟင်းရွက်များအား organic farm အဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေး စည်းရုံးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ် သုံးဆယ်မြို့ စိုက်ပျိုးရေးသိပ္ပံသို့ သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် ကျောင်းဖွင့်လှစ်မည်ဖြစ်၍ ကျောင်းတက်ရန် လာရောက်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန်၊ ပြင်ပစိုက်ပျိုးရေး/ မွေးမြူရေးလုပ်ငန်း အောင်မြင်နေသည့် နေရာများသို့ လေ့လာရေးဆောင်ရွက်ပေးခြင်း၊ ခေတ်စနစ်နှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေး နည်းစနစ်များ ဖြန့်ဖြူးသင်ကြားပေးရန်နှင့် ကျောင်းဝန်းသန့်ရှင်းရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး သင်ကြားရေးဆိုင်ရာ ဘာရပ်သင်ခန်းစာ စာအုပ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ် အလယ်ကုန်း(သုံးဆယ်) -ဖိုးခေါင် - စံရွေးလမ်း (၆) မိုင် (၆) ဖာလုံ ကတ္တရာလမ်းအဖြစ် ပြန်လည်အဆင့်မြှင့်တင်ပေးနေမှုအား သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ပြီး လမ်းမြေဧရိယာအတွင်း ကျူးကျော်နေထိုင်မှု မရှိစေရေး၊ အောက်ခြေအမာခံလမ်း စနစ်တကျဆောင်ရွက်ရန်၊ လမ်းဘေးဝဲ/ယာ အရိပ်ရပင်များစိုက်ပျိုးရန်၊ လမ်းပေါ်ရေဝပ်မှု မရှိစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)