ပုသိမ် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမအသင်း ၁၉ သင်းသို့ Deading လယ်ယာသုံးစက်ကိရိယာ ၁၉ စီး ပေးအပ်ပွဲ အခမ်းအနားကို မေ ၂၃ ရက် ညနေပိုင်းက သမဝါယမသင်တန်းကျောင်း(ပုသိမ်) ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးဘတ်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမအသင်းများအား ထောက်ပံ့ပေးမည့် Deadong ထွန်စက်များနှင့် အသင်းသားများပိုင်ဆိုင်သည့် လယ်ယာမြေများအား စနစ်တကျအဆင့်မြှင့် စက်မှုလယ်ယာမြေအဖြစ် လယ်ဧကများကို အပြည့်အဝအကောင်အထည်ဖော် ဆောက်ရွက်ကြရန်လိုကြောင်း၊ သမဝါယမအသင်းများ ဘက်စုံဖွံ့ဖြိူတိုးတက်ရေး အဆင့်မြှင့်တင်ရန်အတွက် ပံ့ပိုးငွေများ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရန် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မည့် သမဝါယမ(၁၆)သင်းနှင့် စံပြကျေးရွာ(၃)ရွာသို့ Deadong လယ်ယာသုံး စက်ကိရိယာ (၁၉)စီးအား ပေးအပ်သည်။ ထို့နောက် သမဝါယမအသင်းသားတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားများ ပြန်လည်ပြောကြားခဲ့ပြီး Deadong လယ်ယာသုံး စက်များအား စမ်းသပ်မောင်းနှင်မှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)