ပုသိမ် ၂၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ် ကြက်ပေါင်ကျေးရွာ၊ ပေါ်တော်မူဘုန်းတော်ကြီးကျောင်း ဝိသာခါ ဓမ္မရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တစ်လနှစ်ကြိမ် ပြည်သူများနှင့် တွေ့ဆုံကြောင်း၊ ပြည်သူများနှင့် အမြဲတမ်းတွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တိုင်းဒေသကြီးအစိုးရတွင် တာဝန်ရှိကြောင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တာ ရှိသလို၊ ဆောင်ရွက်မပေးနိုင်တာလည်းရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ပေးနိုင်တာရှိသလို၊ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးနိုင်တာရှိကြောင်း၊ သံသယကင်းကင်းနှင့် အခြေအနေမှန်ကို တင်ပြပေးနေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရ အမြဲတမ်းချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာကြသူများက သိလိုသည်များကိုလည်း မေးမြန်းနိုင်ပါကြောင်း၊ ချက်ချင်းဆောင်ရွက်ပေးနိုင်တာများကို ချက်ချင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းနှင့် မဆောင်ရွက်နိုင်သည်များကိုလည်း အဆင့်ဆင့် တင်ပြဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူထည့်ဝင်နိုင်သော အခွန်အခကိုသာ ကောက်ခံခြင်းဖြစ်ကြောင်း၊ မျှတသောနှုန်းထားများကိုသာ ကောက်ခံခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေရရှိရန်လိုအပ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက် ပေးသင့်ပေးထိုက်သော အမွေများပေးခဲ့ရန် လိုအပ်ကြောင်း၊ ဓနအင်အားနှင့် ပညာအမွေများဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ပုံငွေလိုအပ်ကြောင်း၊ လက်ရှိအစိုးရသည် အမြဲတမ်းပြည်သူကို မျက်နှာမူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘယ်အစိုးရတက်တက် ပြည်သူပါမှသာ လုပ်ငန်းများအောင်မြင်မှာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြပါ၊ မလိုလားအပ်သောအရာများကို လျှော့ပါ၊ အစိုးရ၊ လွှတ်တော်၊ ပြည်သူ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ၎င်းတို့ဝန်ကြီးဌာက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ ၎င်းနောက် တက်ရောက်လာကြသူများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ယစ်မျိုးလိုင်စင်ကိစ္စ၊ လမ်း၊ တံတားကိစ္စ စသည်တို့ကို မေးမြန်းကြရာ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားသည်။
ထို့နောက် ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ပေါင်တိုက်နယ် ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာ ၂၅ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)


