နိုဝင်ဘာ ၁၈

ဖိလစ်ပိုင်နိုင်ငံတွင် စူပါတိုင်ဖွန်းမုန်တိုင်းမန်ရိ တိုက်ခတ်မှုကြောင့် ကမ်းခြေကျေးရွာများနှင့် ရေကြီးရေလျှံမှုဖြစ်ပွားသော ဒေသများရှိ လူထောင်ပေါင်းများစွာတို့ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်။

အဆိုပါမုန်တိုင်းသည် လူဇွန်ကျွန်း၏ဘီကိုလ်ဒေသရှိ Catanduanes ပြည်နယ်သို့ နိုဝင်ဘာ ၁၆ ရက်နေ့ညပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ရာ လေပြင်းတိုက်ခတ်မှု တစ်နာရီလျှင် ၁၉၅ ကီလိုမီတာနှင့် ၂၄၀ ကီလိုမီတာအထက်ရှိကြောင်း ဖော်ပြထားသည်။

ထိုမုန်တိုင်းသည် ယမန်နေ့ညပိုင်း သို့မဟုတ် ယနေ့မနက်ပိုင်းတွင် တောင်တရုတ်ပင်လယ်ပြင်သို့ ရွေ့လျားသွားဖွယ်ရှိသည်ဟု မိုးလေဝသဌာနကပြောကြားသည်။

မန်ရိမုန်တိုင်းသည် အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာတစ်လအတွင်းမုန်တိုင်းငါးခုတိုက်ခတ်ခဲ့ပြီးနောက် ခြောက်ခုမြောက်မုန်တိုင်းဖြစ်သည်။ မုန်တိုင်းများတိုက်ခတ်မှုကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့ပြီး ၃၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများနှင့် အခြေခံအဆောက်အအုံများပျက်စီးခဲ့ပြီး သန်းနှင့်ချီသောလူများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ မန်ရိမုန်တိုင်း (ပီပစ်တို)သည် ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်းတိုက်ခတ်သော ၁၆ ကြိမ်မြောက်အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ပျမ်းမျှအားဖြင့် တိုင်ဖွန်းမုန်တိုင်းအကြိမ် ၂၀ တိုက်ခတ်လေ့ရှိပြီး မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်မှုနှင့် မြေပြိုမှုတို့ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို