တိုကျို၊ ဩဂုတ် ၂၅

 

တိုင်ဖွန်းရှန်ရှန်သည် ဩဂုတ် ၂၇ ရက်တွင် အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းအဖြစ် ရောက်ရှိလာဖွယ် ရှိပြီး ဂျပန်နိုင်ငံ အရှေ့ဘက်ခြမ်းသို့ ဦးတည်ရွေ့လျားလျက်ရှိကြောင်း မိုးလေဝသတာဝန်ရှိသူများက ခန့်မှန်းပြောကြားသည်။

 

ဂျပန်နိုင်ငံအနောက်ပိုင်းမှ အရှေ့ပိုင်းအထိ ဩဂုတ် ၂၅ ရက်တွင် လေပြင်းများတိုက်ခတ်လျက်ရှိပြီး တိုယာမာစီရင်စု ကာမီချီမြို့၌ တစ်နာရီအတွင်း မိုးရေ ၁၃၁ မီလီမီတာ ရွာသွန်းခဲ့ကြောင်း သိရသည်။ မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက သတိပေးပြောကြားသည်။

 

လေဆင်နှာမောင်း အပါအဝင် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းတို့အပြင် မြေပြိုကျခြင်းများ ဖြစ်နိုင်ဖွယ်ရှိသည့်အတွက် ပြည်သူများအနေဖြင့် သတိထားရန်လိုအပ်ကြောင်း ၎င်းတို့က တိုက်တွန်းပြောကြားသည်။

 

ဂျပန်နိုင်ငံ အရှေ့ပိုင်းမှ အနောက်ဘက်ပိုင်းအထိ ဒေသများ၌ ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်ကာ ပြင်းထန်သော ရာသီဥတုအခြေအနေများကို ကြုံတွေ့ရနိုင်သည်။ တိုင်ဖွန်းမုန်တိုင်း အင်အားကောင်းလာသည့်အတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအချို့ကို ဖျက်သိမ်းထားကြောင်း အာဏာပိုင်များက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

တိုင်ဖွန်းမုန်တိုင်းဆိုင်ရာ နောက်ဆုံးရသတင်း အချက်အလက်များကို မျက်ခြည်မပြတ်စောင့်ကြည့်ကြရန် လိုအပ်ကြောင်း အာဏာပိုင်များက ပြည်သူများအား တိုက်တွန်းပြောကြားထားကြောင်း သိရသည်။    

 

 ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်