တိုင်းပြည်အတွက် အကျိုးရှိမယ့်စာတွေကို လေးလေးနက်နက်ရေးကြဖို့ တိုက်တွန်းချင်ပါတယ်

၂ဝ၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်) ရုံးခန်းမ၌ပြုလုပ်ခဲ့ရာ ဆုရရှိသူများနှင့် တက်ရောက်လာသူများအား မေးမြန်းခဲ့သည်များကို ရေးသားလိုက်ရပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်

mdn

စာပေဆုကတော့ ထုံးစံအတိုင်းပါပဲ၊ တစ်သက်တာ စာပေဆုမှာတော့ ဒီနှစ်မှာ သုံးယောက်ပေးပါတယ်၊ ဆရာ မောင်သာနိုးရယ်၊ ဆရာကြီး သိန်းသန်းထွန်းရယ်၊ ဆရာညိုဝင်းရယ် သုံးယောက်ပေးတယ်၊ အမျိုးသားစာပေဆုပေးတယ်၊ စာပေဗိမာန်စာမူဆုတွေပေးတယ်။

ထူးခြားတာကတော့ ပြီးခဲ့တဲ့ နှစ်ကစပြီး စာပေဆု ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းတယ်၊ ပထမနှစ်မှာတော့ နည်းနည်းလိုအပ်တာ လေးတွေရှိခဲ့တယ်၊ ဒီနှစ်မှာတော့ စာပေဆု ရွေးချယ်ရေးအဖွဲ့ကို ပြည့်ပြည့်စုံစုံ စနစ်တကျဖွဲ့စည်းတယ်၊ ရွေးချယ်ရေးအဖွဲ့တွေကိုလည်း လွတ်လပ်စွာနဲ့ ဆွေးနွေးပြီး ဝေဖန်ပြီးတော့ အစည်းအဝေးထိုင်ပြီး စိတ်တိုင်းကျ ရွေးချယ်ကြပါတယ်၊ ရွေးချယ်ရေးအဖွဲ့ပေါ်မှာ ပဲ ဆုတွေက မူတည်ပါတယ်၊ သူတို့ဆီက ရွေးချယ်ပြီးတော့ အပြီးသတ်ကျမှပဲ ကြည့်ရပါတယ်၊ ကြည့်တယ်ဆိုတာလည်း သူတို့ အစည်းအဝေးဆုံးဖြတ်ပြီး ရွေးချယ်ပြီးပါပြီ၊ ရွေးချယ်ရေးအဖွဲ့ကပဲ လွတ်လပ်စွာနဲ့ ဆွေးနွေးပြီးရွေးချယ်တာပါ။

ပြန်ကြားရေးဝန်ကြီးဌာနဟာ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ စာအုပ်စာပေ များများဖတ်လာရေး၊ အသိပညာ ကြွယ်ဝလာရေးဆိုတဲ့ ဒီရည်ရွယ်ချက်တွေနဲ့ စာအုပ်ပွဲတော်တွေ လုပ်တာပဲ၊ စာပေဝါသနာ ပြုစုပျိုးထောင် ပေးနိုင်ဖို့အတွက်ကို ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးစာကြည့်တိုက်တွေမှာ ကလေးစာဖတ်ခန်းလေးတွေ လုပ်ပေးထားတယ်၊ ကလေးစာပေတွေကို ပိုပြီးတော့ ရောင်းချကြတယ်၊ စာအုပ်တွေဝယ်တယ်ဆိုတာ ဝယ်သွားတဲ့သူတွေက စာအုပ်တွေဖတ်ကြမှာပေါ့ အထူးသဖြင့် ကလေးတွေ ဖတ်ကြတဲ့အခါကျတော့ ကလေးတွေမှာ စာဖတ်ဝါသနာ ဖြစ်သွားမှာပေါ့၊ အဲဒီလို အထောက်အကူဖြစ်ပါတယ်။

ကလေးတွေကနေစပြီး စာဖတ်ဝါသနာ ပျိုးထောင်ပေးတယ်၊ တစ်ချိန်တည်းမှာ စာဖတ်တဲ့အခါမှာ ပိုပြီးတော့ အဆင့်အတန်း မြင့်မြင့် ဝေဖန်၊ သုံးသပ် ပိုင်းခြားပြီးတော့ ဖတ်တတ်အောင် အခုအခါမှာ စာဖတ်ဝိုင်း ဆိုတာတွေ စပြီးတော့လုပ်ပေးနေတယ်၊ စာအုပ်စာပေရဲ့ အကျိုးကျေးဇူးတွေ ပိုရရမယ် အဲဒီလိုရည်ရွယ်ချက်နဲ့ ဘွတ်ခ်ကလပ်လို့ခေါ်တဲ့ စာဖတ်အသင်းတွေ စတင်ပြီးဖွဲ့စည်းနေတယ်၊ တချို့နေရာတွေမှာတော့ စတောင်လုပ်နေပါပြီ၊ ဒါတွေဟာ စာပေကို ဝါသနာပါလာအောင်၊ စာပေဖွံ့ဖြိုးတိုးတက်ဖို့လုပ်တဲ့ အစီအစဉ်တွေ ပဲဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ် အမျိုးသားစာပေ 
တစ်သက်တာဆုရှင် ဆရာမောင်သာနိုး

mdn

စာဖတ်တဲ့တိုင်းပြည်ဟာ ကြီးပွားတာပါပဲ၊ စာများများဖတ်ကြပါ၊ စာဖတ်ခြင်းဟာ လူတစ်ယောက်ကြီးပွားတိုးတက်ဖို့၊ တိုင်းပြည်တိုးတက်ဖို့ ဖြစ်ပါတယ်၊ စာရေးဆရာတွေကလည်း ကိုယ်စာရေးဆရာပဲဆိုပြီး စာမဖတ်ဘဲ မနေပါနဲ့၊ စာရေးဆရာဆိုတာ တိုင်းပြည်အတွက်၊ လူမျိုးအတွက်ဆိုတာ သိစေချင်တယ်၊ တိုင်းပြည်အတွက် အကျိုးရှိမယ့်စာတွေကို လေးလေးနက်နက် ရေးကြဖို့တိုက်တွန်းချင်ပါတယ်။

၂ဝ၁၆ ခုနှစ် အမျိုးသားစာပေ 
တစ်သက်တာဆုရှင် ဆရာဦးသိန်းသန်းထွန်း

mdn

ကျွန်တော်က တစ်သက်လုံးစာပဲ ရေးတယ်၊ စာရေးပြီး ပိုက်ဆံမရှာခဲ့ဘူး၊ ပိုက်ဆံရချင်လို့ စာမရေးခဲ့ဘူး၊ စာရေးရင်တော့ မကောင်းရင် ကောင်းအောင်ရေးတယ်၊ လူငယ်ဆိုတာ လူကြီးတွေဘယ်လောက် ပြောပြော သူ့ဘာသာသူ၊ သူ့အတွေးအခေါ်နဲ့သူ ရေးကြတာ၊ ဖန်တီးကြတာ၊ တစ်ခုပဲ ဆရာ သန်းထွန်းပြောခဲ့သလိုပြောရရင် ကိုယ့် ဘာသာကိုယ်ရေး၊ သူများစာခိုးမချနဲ့၊ ရေးချင် သလိုသာရေး၊ ကျွန်တော်ကလည်း အဲလိုလူပဲ၊ လူငယ်တွေအတွက် ဘာရေးပါ၊ ညာရေးပါ မပြောချင်ဘူး၊ ပြောလည်း ရေးချင်တာရေး တာပါပဲ၊ ကဗျာတောင် ဂန္ထဝင်ကဗျာ၊ မော်ဒန် ကဗျာ အမျိုးမျိုးရေးကြတာပဲ၊ အဓိကကတော့ စာရေးဆရာက စာဖတ်တဲ့သူအပေါ်မှာ စေတနာထားပါ၊ စေတနာထားရင် စာကောင်း ထွက်ပါတယ်။

၂ဝ၁၆ ခုနှစ် အမျိုးသားစာပေ 
တစ်သက်တာဆုရှင် ဆရာဦးညိုဝင်း

mdn

လူငယ်တွေ စာမဖတ်ကြဘူးနဲ့ပြောကြတယ်၊ တကယ်တော့ လူငယ်တွေ စာဖတ်ချင် လာအောင်လည်း လုပ်ပေးရမှာပေါ့၊ ဖတ်အောင်လည်း ကြိုးစားရမှာပေါ့၊ စာဖတ်မှလည်း တိုးတက်မှာကိုး၊ စာအုပ်ပွဲတော်လုပ်တာတို့၊ ဈေးရောင်းပွဲတော်လုပ်တာတို့က ရိုးရိုး ဖြန့်ချိရေးထက်ကောင်းပါတယ်၊ စာအုပ်စာပေ တွေပိုပြီး ပျံ့ပျံ့နှံ့နှံ့ရောက်နိုင်တာပေါ့၊ စာပေနဲ့ ပတ်သက်လို့ခံယူချက်က ကျွန်တော်က အသက် ၂ဝ ကျော်၊ ၂၃ နှစ် ၂၄ နှစ်ကနေ စပြီး စာပေလောကထဲရောက်ခဲ့တာ၊ စာပေလောကထဲ ရောက်တဲ့အခါကျတော့လည်း ကိုယ်ဝါသနာပါတဲ့ စာပေလောကထဲ ပျော်မွေ့ပြီး ဇောက်ချပြီးလုပ်နေတာပဲ၊ လူတွေက ကိုယ့်ဘဝကိုယ်နားလည်အောင် လုပ်ဖို့လိုတယ်၊ ဝါသနာမပါတဲ့ဟာကို လုပ်မိလို့ မအောင်မြင်တဲ့သူတွေ အများကြီးပဲ၊ ကိုယ်က ဘာကို ဝါသနာပါလဲ၊ ဘာလုပ်ချင်တာလဲ ဒါကို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်၊ လေ့လာဖို့လိုတယ်။

ဝတ္ထုရှည် အမျိုးသားစာပေဆုရှင် 
စာရေးဆရာ ညီပုလေး

mdn

ကျွန်တော်က ဆုရမယ်လို့ မျှော်လင့်မထားဘူး၊ အစိုးရသစ်လက်ထက်မို့ရတယ်လို့ ခံစားရတယ်၊ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး၊ ကဗျာဆရာတွေ၊ ဝတ္ထုဆရာတွေ၊ စာရေးဆရာတွေနဲ့ တွေ့တော့လည်း ကျွန်တော် နဲ့ထပ်တူပဲ၊ အရပ်သားအစိုးရလက်ထက်မို့ ရတာဆိုပြီး ပြောကြတယ်၊ ဝမ်းသာတာပေါ့၊ အခုလို နိုင်ငံတော်အစိုးရကပေးတဲ့ ဆုကိုရတော့ ဝမ်းသာရတာပေါ့။

လူငယ်တွေ စာဖတ်တယ် မဖတ်ဘူး၊ ဖေ့စ်ဘွတ်မှာ အချိန်ကုန်တယ် အဲဒါတွေ ငြင်းခုံမှုကလည်း တော်တော်ပြင်းထန်ပါတယ်၊ ကျွန်တော်တို့စာတွေကောင်းလို့ရှိရင် လူငယ်တွေ လိုက်ဖတ်ကြမှာပဲ၊ ရေးတဲ့သူတွေက လူငယ်တွေ ဖတ်လို့ကောင်းတဲ့ စာမျိုးတွေ၊ ယနေ့ခေတ်ကို ထင်ဟပ်တဲ့စာမျိုးတွေ ရေးရင် ဖတ်ကြမှာပါ၊ လူငယ်တွေဟာ ဘယ်ဟာ အကောင်း၊ ဘယ်ဟာအဆိုး ခွဲခြားသိပါတယ်။

ယနေ့လူငယ်တွေက စာပေအကြောင်း ပြောလည်း စိတ်ဝင်စားတယ်၊ နိုင်ငံရေး အကြောင်းပြောလည်း စိတ်ဝင်စားတယ်၊ ရသအကြောင်းပြောလည်း စိတ်ဝင်စားတယ်၊ နောက်တစ်ခါ ပညာရေး၊ ယဉ်ကျေးမှုဆိုလည်း စိတ်ဝင်စားတယ်၊ ကျွန်တော်တို့က သူတို့ကို စနစ်ကျတဲ့၊ မှန်မှန်ကန်ကန် ပေးနိုင်တဲ့ ပြောဆိုမှုပဲလိုတာပါ၊ ပွင့်လင်းတိုးတက်တဲ့ ခေတ်ရောက်ပြီ၊ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရမှာ၊ ကိုယ့်ကိုယ်ကိုယ် တာဝန်ခံပြီး စာတွေရေး စေချင်တယ်၊ ကြိုးစားရင် စာကောင်းတွေ ထွက်မှာပါ၊ လူငယ်တွေ စာရေးကြဖို့ တိုက်တွန်းပါတယ်။

စာပေဗိမာန်စာမူဆု စာပဒေသာ 
(ပထမဆု)ရှင် စာရေးဆရာ 
ဦးကျော်သောင်း(ဘုတလင်)

mdn

ကျွန်တော်ဖြတ်သန်းခဲ့တဲ့ဘဝက ပညာရေးက ဘုန်းကြီးကျောင်းပညာရေးပါ၊ စာပေအရေး အသား၊ အဖတ် ကျွန်တော်နည်းနည်း ဝါသနာပါပါတယ်၊ ကျွန်တော်လုပ်ခဲ့တဲ့ လုပ်ငန်းက ဖောင်သမား သစ်ဖောင်ပို့လုပ်ငန်းပါ၊ အနှစ် ၃ဝ လောက် ဖြတ်သန်းခဲ့ပါတယ်၊ အသက် ၆၇ နှစ်မှာ စာစရေးပါတယ်၊ ရေးခဲ့တဲ့စာက ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဖောင်သမား အတွေ့အကြုံတွေရေးတာ၊ ဒီနေ့ခေတ်မှာ မရှိတော့ပါဘူး၊ ကျွန်တော် ဖောင်သမားအဖြစ်နဲ့ ရန်ကုန်မြို့ကို အကြိမ်ကြိမ် သစ်ပို့ခဲ့ဖူးပါတယ်၊ ကြမ်းတမ်းတဲ့ ဖောင်သမား အတွေ့အကြုံတွေကို ၂ဝဝ၅ ခုနှစ်မှာ စရေးခဲ့တာ ဒီ ၂ဝ၁၆ ခုနှစ် စာပေဗိမာန်စာမူ ဆုကို ''ချင်းတွင်းဒေသ ဖောင်သမားဘဝနှင့် အတွေ့အကြုံ စာမျိုးစုံများ'' ဆိုတဲ့ ခေါင်းစဉ် နဲ့ဝင်ပြိုင်တဲ့အခါ ပထမဆုရရှိပါတယ်။ ခေတ်ပညာလည်း မသင်ခဲ့ရတဲ့ ကျွန်တော့်ကို အခုလို နိုင်ငံတော်က စာပေဗိမာန်စာမူဆု ချီးမြှင့်တဲ့ အခါကျတော့ အတိုင်းမသိဝမ်းသာမိပါတယ်။

စာပေဗိမာန်စာမူဆု မြန်မာ့ယဉ်ကျေးမှုနှင့် 
အနုပညာဆိုင်ရာ စာပေ (ဒုတိယဆု)ရှင် 
စာရေးဆရာမ အိအိမွန်

mdn

''ပြတိုက်ကပြောသော တိုင်းရင်းသား ယဉ်ကျေးမှု''ခေါင်းစဉ်နဲ့ဆုရတာပါ၊ နိုင်ငံတစ်နိုင်ငံမှာ ပြတိုက်က အရေးကြီးတယ်ဆိုတဲ့အကြောင်း၊ ပြတိုက်ထဲဝင်ကြည့်လိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြတိုက်ဆိုရင် မြန်မာ တစ်နိုင်ငံလုံးရဲ့ ယဉ်ကျေးမှုအနုပညာ အကုန်လုံးကို လေ့လာလို့ရတယ် အဲဒီလို သဘောပါ၊ ကျွန်မက တိုင်းရင်းသားယဉ်ကျေးမှု ပြတိုက်အကြောင်းရေးထားတာ၊ အခုလို ဆုရတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်၊ ကျွန်မကစာပေလောကထဲ ရောက်လာတာ သိပ်မကြာသေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်၊ ဒီဆုနဲ့ဆို နှစ်ခုပါ။ ပထမတစ်ကြိမ်တုန်းကလည်း မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ စာပေဆု ဒုတိယရခဲ့ပါတယ်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာကြီး စည်သူသော်ကောင်း

mdn


ရှေးတုန်းကစာပေဆုက နတ်တော် လဆန်း ၁ ရက်နေ့(စာဆိုတော်နေ့)မှာပဲ ပေးလေ့ရှိတယ်၊ ဒီနှစ်က ကဇာတ်ရုံက အကြီးစား ပြင်ဆင်မှုလုပ်နေတော့ ဒီမှာလုပ်ဖြစ်တာ၊ ဒီနှစ် ကျွန်တော်တို့ ဆုရွေးချယ်ရေးအဖွဲ့တွေ ပြန်ဖွဲ့ပါတယ်၊ များသောအားဖြင့် စာရေးဆရာတွေ၊ ပုံနှိပ်ထုတ်ဝေသူတွေ၊ စာပေသမားတွေပဲ လုပ်ကြတာဆိုတော့ တော်တော်လေး လွတ်လပ်ပါတယ်၊ ပြီးတော့လည်း အစိုးရ အရာရှိတွေ၊ ဝန်ထမ်းတွေ အားလုံးဟာ အရင် အဖွဲ့ထဲမှာပါတယ်လေ၊ ဒါပေမယ့် ဒီနှစ်မှာ မပါတော့ပါဘူး၊ စာပေဗိမာန်ကလည်း စီမံခန့်ခွဲရေးပဲပေါ့၊ ရွေးချယ်ရေးမှာတော့ မပါတော့ပါဘူး၊ ဝိုင်းဝန်းလုပ်ကိုင်ပေးတာပဲရှိတာ၊ အခု စာပေစိစစ်ရေးကလည်း မရှိတော့ဘူး၊ ရွေးတာက ဆရာတို့အဖွဲ့က ၇၇ ယောက်ရှိတယ်၊ တစ်သက်တာ စာပေဆုကလည်း သုံးဦးမှာ ထင်ရှားတဲ့ စာရေးဆရာကြီးတွေရကြတယ်၊ ဒီနှစ်ဆုရတဲ့ စာအုပ်တွေကလည်း ကောင်းတယ်လို့ စိတ်ထဲထင်ပါတယ်၊ ရသင့်ရထိုက်တဲ့သူတွေ ရကြတဲ့အတွက် ဝမ်းလည်းသာပါတယ်၊ အားရကျေနပ်မှုလည်း ဖြစ်မိပါတယ်။

တွေ့ဆုံမေးမြန်း-သီသီမင်း 
ဓာတ်ပုံ-အေးမင်းသူ(ကြေးမုံ)