တိုင်းပြည်၏အနာဂတ် မျှော်လင့်ချက်ရောင်ခြည်

နေပြည်တော် ၅ နိုဝင်ဘာ 

 

နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးသည် လွယ်ကူရိုးစင်းသော ကိစ္စရပ်မဟုတ်ပါ။ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် စိတ်ရှည်လက်ရှည် ဆောင်ရွက်ရသော လုပ်ငန်းစဉ် ဖြစ်ပါသည်။ သေချာသည်မှာ လက်နက်ကိုင် ပဋိပက္ခအဆုံးသတ်၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်နိုင်ရေးသည် တိုင်းပြည်၏ အမျိုးသားရေးလိုအပ်ချက်ဖြစ် ပါသည်။ ဤအမျိုးသားရေးလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး၏ ရည်ရွယ်ချက်သည် မူဘောင်သဘောထား စုစည်းချက်များရယူ၍ အဆိုပါ စုစည်းချက်များကို (၁၈) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) သို့ တင်ပြပြီး ဆုံးဖြတ်ချက်များ ရယူရန် ဖြစ်ပါသည်။

 

ဤအစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ် ရှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စားလှယ် ကိုးဦး နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်ကိုးဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါပုဂ္ဂိုလ်တို့သည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းလမ်းညွှွှန်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ကော်မတီ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်နှင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးခဲ့ကြပါသည်။

 

ဤအစည်းအဝေး၌ရရှိခဲ့သော တိုးတက်မှုတစ်ရပ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအား နှစ်လ တစ်ကြိမ်ကျင်းပရန်နှင့် အတွင်းရေးမှူးများ အစည်းအဝေးအား တစ်လတစ်ကြိမ် ကျင်းပရန်ဟူသော အချက်တို့ကို ပြည်ထောင်စုငြိမ်းချမ်း ရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) သို့တင်ပြ၍ အတည်ပြု ချက်ရယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရာ၌ လူထုတွေ့ဆုံပွဲများနှင့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ပြီး ထိုမှတစ်ဆင့် လုပ်ငန်းကော်မတီ၊ လုပ်ငန်းကော်မတီမှသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဟူသော အောက်ခြေမှအပေါ်သို့တက်လာသော လုပ်ငန်းစဉ်မျိုးကို ကျင့်သုံးခဲ့ပါသည်။ သို့သော် ယခုအချိန်မှစ၍ ငြိမ်းချမ်းရေးရလဒ်ကောင်းများ ရရှိရေးအတွက် အဆုံးအဖြတ်ပေးနိုင်သော ခေါင်းဆောင်များနှင့် အောက်ခြေ ဆွေးနွေးတင်ပြချက်တို့ကို ဆက်စပ်အကောင်အထည်ဖော်ရေးကို ကျင့်သုံးတော့မည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) က ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စဉ်ဆက်မပြတ် အားကြိုးမာန်တက် ကြိုးပမ်းနေခြင်းသည်ပင် တိုင်းပြည်၏ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည် ဖန်တီးပေးနေခြင်းဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း