၁၄ ဇန်နဝါရီ

 

နိုင်ငံတော်နှင့်နိုင်ငံသားများ လူမှုစီးပွားမြင့်မားတိုးတက်ရေးတွင် အဓိကအရင်းအမြစ်မှာ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဈေးကွက် စဉ်ဆက်မပြတ် လွတ်လပ်ရှင်သန် ဖွံ့ဖြိုးတိုးတက်နေရန်မှာ အရေးကြီးသည်။ စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ အဟန့်အတား ဖြစ်ခြင်းသည် စီးပွားရေးတိုးတက်မှု ထိခိုက်နိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

 

ရောင်းဝယ်ဖောက်ကားမှု ကောင်းမွန်လျှင်၊ ဈေးကွက်ကျယ်ပြန့်နေလျှင် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ပြီး ပြည်သူများအတွက် လူမှုစီးပွားဘဝ အဆင်ပြေမည်ဖြစ်သည်။ ထို့ကြောင့် ကုန်သွယ်မှုယန္တရား ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ လုပ်ငန်းရှင်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကဏ္ဍ မြင့်မားတိုးတက်အောင် မြှင့်တင်ရမည်ဖြစ်သည်။ 

 

ကုန်စည်ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ငွေပင် ငွေရင်းပြည့်စုံခြင်း၊ လိုအပ်သောကုန်များ အမြောက်အမြား ထုတ်လုပ်နိုင်ခြင်း၊ ကုန်ကြမ်းအလုံအလောက်ရှိခြင်း၊ ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ခြင်း၊ ကျွမ်းကျင်သူများရှိခြင်း၊ နည်းစနစ်ကောင်းမွန်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ သယ်ယူပို့ဆောင်မှုပြည့်စုံခြင်း၊ ဈေးကွက်ကောင်းများ ပေါများခြင်း စသည့်အချက်များ ပြည့်စုံမှသာ ကူးသန်းရောင်းဝယ်ရေးကောင်းမွန်ပြီး တိုင်းပြည်နှင့် လူမျိုးစီးပွားရေး ဖွံ့ဖြိုးနိုင်သည်။

 

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ဆယ်စုနှစ်ကာလအတွင်းက ကုန်သွယ်မှုကဏ္ဍတွင် ထိုအချက်များ အတော်အတန်ပြည့်စုံခဲ့သည်။ အထူးသဖြင့် ပို့ကုန်သွင်းကုန်ဈေးကွက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များ၊ သစ်တောနှင့်တွင်းထွက်ပစ္စည်းများမှာ ကမ္ဘာ့နိုင်ငံများအလယ်တွင် ထင်ရှားကျော်ကြားပြီး ပို့ကုန်နှင့် သွင်းကုန်ပမာဏ မျှတသောကြောင့် တစ်နိုင်ငံလုံး ကုန်စည်စီးဆင်းမှု ကောင်းမွန်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုနိုင်သည်။

 

မျက်မှောက်ကာလတွင် ပို့ကုန်၊ သွင်းကုန်များအား အိမ်နီးချင်းနိုင်ငံကိုသာ မှီခိုအားထားနေရပြီး ကုန်းလမ်းပို့ဆောင်မှုဖြင့် နယ်စပ်ကုန်သွယ်မှုကို အားပြုရသည်။ သွင်းကုန်များကို နယ်စပ်မှ ကုန်သွယ်မှုပြုရာ၌ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရေရှည်ရပ်တည်ရေးတွင် အခက်အခဲများရှိနိုင်သည်။ ထို့ကြောင့် နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေးကို နိုင်ငံတော်က စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသည်။

 

ပို့ကုန်အပိုင်းတွင် မကြာသေးမီက မြန်မာနိုင်ငံဒေသအသီးသီးမှ ထွက်ရှိသော သစ်သီးများကို နယ်စပ်ဂိတ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင် ဂိတ်ပိတ်သွားသဖြင့် သစ်သီးပို့ဆောင်မှု ဆိုင်းငံ့သွားပြီး သစ်သီးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ နစ်နာဆုံးရှုံးမှုဖြစ်ခဲ့ရသည်။ ယင်းသို့ဖြစ်ပေါ်ခဲ့သည်ကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာ နိုင်ငံသံရုံးနှင့် ပတ်သက်ဆက်နွှယ်ရာဌာနများ ညှိနှိုင်းကူညီဆောင်ရွက်ပေးခဲ့ရာ နောက်တစ်ရက်တွင် နယ်စပ်ကုန်သွယ်ဂိတ်ကို ယာယီ ပြန်လည်ဖွင့်လှစ်ပေးနိုင်သဖြင့် ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ခဲ့သည်။

 

နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုကဏ္ဍ စီးဆင်းမှု မှန်ကန်ချောမွေ့ရေးသည် အထူးအရေးကြီး သောအချက်ဖြစ်သဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲ မရှိစေရန်အတွက် နိုင်ငံတော်အစိုးရက ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး ထိုကော်မတီနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ စဉ်ဆက်မပြတ်တွေ့ဆုံ၍ လိုအပ်ချက်များ၊ အခက်အခဲများအား ညှိနှိုင်း ကူညီဖြေရှင်းဆောင်ရွက်ပေးကာ မြန်မာ့စီးပွားရေးကို ကာကွယ်မြှင့်တင် ဆောင်ရွက်ပေးနေသည်။

 

သို့ဖြစ်ရာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကဏ္ဍ စီးဆင်းမှုလွယ်ကူ ကောင်းမွန်ပြီး ပို့ကုန်ပမာဏမြင့်မားရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်းလာရေး၊ ဈေးကွက်နယ်ပယ်သစ်များ ချဲ့ထွင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးတို့ကို တိုးတက်ဖော်ဆောင်ခြင်းဖြင့် တိုင်းပြည်နှင့် လူမျိုး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ