မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ဦးတည်တက်လှမ်း၍ အသွင်ကူးပြောင်းနေသော နိုင်ငံဖြစ်သည်။ ၁၉၈၈ ခုနှစ် ဆိုရှယ်လစ် စီးပွားရေးစနစ် ချုပ်ငြိမ်းပြီးသည်မှစ၍ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲဖော်ဆောင်လာခဲ့ပြီး ယခုဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် ကာလတွင် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေရှိသော စီးပွားရေးစနစ်ကို အကောင်အထည်ဖော် နေသည်။
ဒီမိုကရေစီစနစ်တွင် အများပြည်သူကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍသည်သာ အဓိကဖြစ်၍ ဒီမိုကရေစီ နိုင်ငံများ၊ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းဘက်တွင် နိုင်ငံအတွက် အရေးကြီးသော စီးပွားရေး လုပ်ငန်းမှလွဲ၍ ကျန်စီးပွားရေးလုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကကဏ္ဍမှသာ တာဝန်ယူ လုပ်ကိုင်လျက်ရှိသည်။ ထိုသို့လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတော်တွင် ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားစေနိုင်ပြီး မူဝါဒ၊ လုပ်ငန်းစဉ်နှင့် စီမံခန့်ခွဲမှု အပိုင်းတွင် ပို၍ထိထိ ရောက်ရောက် လုပ်ကိုင်နိုင်သည်။
ဈေးကွက်စီးပွားရေး စနစ်ဆိုသည်မှာ ယှဉ်ပြိုင်ခြင်းစနစ်ဖြစ်ပြီး အစဉ်အမြဲ ပြိုင်ဆိုင်မှုမြင့်မားခြင်းဖြင့် တိုးတက်အောင်မြင်မှုများ ဖြစ်ထွန်းလာကာ နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုတိုးတက်ရရှိလာပြီး ပြည်သူများ အနေဖြင့်လည်း လူမှုစီးပွား မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအနေဖြင့် အခွန်အခများဖြင့် လည်ပတ်နေပြီး နိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပြည်သူများအတွက် ဝန်ဆောင်မှုပေးရေးတို့ကိုသာ လုပ်ကိုင်ဆောင်ရွက်ကြသည်။ စီးပွားရေး လုပ်ငန်းအားလုံး နီးပါးကို ပုဂ္ဂလိကကဏ္ဍမှ လုပ်ကိုင်ကြပြီး သက်ဆိုင်ရာအစိုးရဌာနမှ ထိန်းကျောင်းကြပ်မတ်စောင့် ကြည့်ပေးသည်။
မြန်မာနိုင်ငံသည် ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် အသားကျလာသော နိုင်ငံဖြစ်ပြီး မျက်မှောက်ကာလ၌ ဒီမိုကရေစီစနစ်နှင့်အညီ ပြုပြင် ပြောင်းလဲ ဆောင်ရွက်နေသော်လည်း နဂိုအသားကျ စွဲမြဲလာခဲ့သည့် အစိုးရဝန်ထမ်းစနစ်မှ ပုဂ္ဂလိက ဝန်ထမ်းစနစ်သို့ အသွင် ကူးပြောင်းရန် အခက်အခဲများ ရှိနေသည်ကို စက်မှုဝန်ကြီးဌာနက သက်သေပြလျက်ရှိသည်။ မလည်ပတ်တော့သော လုပ်ငန်းများကို ဖျက်သိမ်းပစ်ရန်အတွက် ကျန်ရှိနေသော အစိုးရဝန်ထမ်းများ၏အရေးမှာ ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ လွှဲပြောင်းပေးရန် လည်းခက်၊ အငြိမ်းစားပေးရန်လည်း မလွယ်ကူသော အခြေအနေများရှိသည်။
မြန်မာနိုင်ငံတွင် ကဏ္ဍအသီးသီးကို အစိုးရကတာဝန်ယူသောစနစ်ဖြင့် ရှည်လျားစွာလုပ်ကိုင်လာခဲ့ရာ အစိုးရဝန်ထမ်းများ၏ လစာ၊ ရိက္ခာ၊ ပင်စင် ခံစားခွင့်များကို ခေတ်စနစ်အလိုက် တိုးမြှင့်ပေးလျက် ရှိသည်။ ယခု ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေ သော်လည်း ယခင်ရှိပြီး၊ ယခုရှိသည့် သန်းနှင့်ချီသော ဝန်ထမ်းများ၊ အငြိမ်းစားများ၏ အရေးကို အစိုးရက တာဝန်ယူနေဆဲ ဖြစ်သည်။ ဩဂုတ်လ ၂၇ ရက် နေ့က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့တွင် စက်မှုဝန်ကြီးဌာန၏ နိုင်ငံတော်ပိုင် စက်ရုံများနှင့် ပတ်သက်၍ အခြားနည်း လမ်းများဖြင့် အသုံးပြုခြင်း အစီအစဉ်အဆိုကို အတည်ပြုကြောင်း ကြားသိခဲ့ရပေရာ နိုင်ငံပိုင်ကဏ္ဍတစ်ခုဖြစ်သည့် စက်မှုဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲမှု များကို ကြိုဆိုရမည် ဖြစ်သည်။
လက်ရှိတွင် စက်မှုဝန်ကြီးဌာန လက်အောက်၌ စက်ရုံစုစုပေါင်း ၁၁၂ ရုံရှိပြီး အဆိုပါ စက်ရုံများအနက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော စက်ရုံ ၅၅ ရုံ ရှိသည်။ ထိုစက်ရုံများတွင် ဖက်စပ်စက်ရုံ နှစ်ရုံ၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှု သုံးရုံ၊ ကာလရှည် ငှားရမ်းမှုစက်ရုံ ၅၀ ပါဝင်ပြီး နိုင်ငံပိုင် လုပ်ငန်းအနေဖြင့် ဆောင်ရွက်နေဆဲ စက်ရုံ ၅၇ ရုံ ရှိသည်။ ယခု ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက်အရ နိုင်ငံပိုင်စက်ရုံများအား နှစ်ရှည်ငှားရမ်းခြင်း၊ ပုဂ္ဂလိက သို့ လွှဲပြောင်းခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းနှင့် အခြားနည်းလမ်းဖြင့် အသုံးပြုခြင်းများကို စီစဉ် ဆောင်ရွက်တော့မည် ဖြစ်သည်။
သို့ဖြစ်ရာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးနေသော မြန်မာနိုင်ငံတွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ခေါင်းစဉ်အောက်၌ ရောထွေးနေသော လုပ်ငန်းများကို လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်၍ အသွင်ပြောင်းလဲမှုများကို စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်သွားခြင်းဖြင့် ပို၍သင့်လျော်မည် ဖြစ်ပါကြောင်း။ ။
(ကြေးမုံ)