ကျောက်ဆည် ၁၂ မတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်၊ ရွှေဖောင်ဒေးရှင်းခန်းမတွင် ယနေ့ နံနက်(၉)နာရီက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်သန်းသန်းညိုက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများအကြောင်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းနုဝေက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ကမ္ဘာလူ့အခွင့်အရးကြေညာစာတမ်းပါ တိုင်းရင်းသားအခွင့်အရေးများအကြောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူခြင်း အချက်အလက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီစိုးက လူမှုဝန်ထမ်းလုပ်ငန်းများ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် တိုင်းရင်းသားများထံမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို စစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)