မန္တလေး ၁၁ ဖေဖော်ဝါရီ

 

၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(နဝမအကြိမ်) မန္တလေးအခြေစိုက်တိုင်းရင်းသားလူမျိုးစု များဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲ ပထမနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းတွင် လာရောက် ကြည့်ရှုလေ့လာကြသူများဖြင့် စည်ကားခဲ့သည်။

 

586520

 

ယင်းနေ့ ညပိုင်းတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များဖြစ်သည့် ပအိုဝ်း၊ ကရင်၊ ရှမ်းနီ၊ ရှမ်း၊ ကယန်း၊ တအာင်း၊ ကသဲ၊ နာဂ၊ မွန်၊ ကချင်၊ ယော၊ ဓနု၊ ချင်း၊ အင်းသား၊ လီဆူ၊ ရခိုင်၊ ဗမာ၊ ကိုးကန့် တို့မှ တိုင်းရင်းသား/တိုင်းရင်းသူလေးများက ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေခြင်းအပြင် သူနာပြု တက္ကသိုလ်(မန္တလေး)၊ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး)၊ ဆေးဝါးတက္ကသိုလ် (မန္တလေး)တို့မှ တိုင်းရင်းသား တိုင်းရင်းသူလေးကလည်း ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများဈေးရောင်းပွဲတော်ကိုလည်း နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချပေးလျက်ရှိရာ ရိုးရာအစားအစာများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချပေးနေသည့် အရောင်းဆိုင်များတွင်အမှတ်တရအဖြစ် ဝယ်ယူသူများပြားလျက်ရှိပြီး တိုင်းရင်းသူတိုင်းရင်းသားများနှင့် အမှတ်တရဓာတ်ပုံတွဲရိုက်ကြသူများလည်း ရှိကြသည်။

 

8522

 

ထို့အပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြသထားသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ဝတ်စားဆင်းယင်မှုများနှင့် တိုင်းရင်းသားများ၏စာပေများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ပြခန်းများကို စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

အဆိုပါ ဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲကို ရည်ရွယ်ချက်သုံးရပ်ဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့အက အလှများဖြင့် ဖျော်ဖြေပေးသွားမည်ဖြစ်သည်။

 

တင်ဇာလှိုင်

 

63.0