၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံရေးအနှစ်သာရ ပြည့်ဝစွာ ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက် ဖျော်ဖြေကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များသည်လည်း နေပြည်တော်သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ၎င်းတို့၏ ပြည်ထောင်စုနေ့ အမှတ်တရစကားသံများကို ဖော်ပြလိုက်ပါသည်။


ဒေါ်နန်းယုယုသက်(ကြီးကြပ်သူ၊ ရှမ်းပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့)

ကျွန်မတို့ ရှမ်းတိုင်းရင်းသားအဖွဲ့မှာ အဖွဲ့ဝင်သုံးဆယ်ကျော် ပါပါတယ်။ ရှမ်းပြည်နယ်ရဲ့ ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ကိန္နရီကိန္နရာ၊ တိုးနယားဓားသိုင်းနဲ့ ရှမ်းပျိုဖြူလေးများက ယိမ်းအကနဲ့ ပါဝင်ဖျော်ဖြေမှာပါ။ ပြည်ထောင်စုအတွင်း မှာနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးအတူတကွ စည်းလုံးညီညွတ်ချစ်ခင်စွာနဲ့ ဥမကွဲ၊ သိုက်မပျက်နေထိုင်ကြမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး အိမ်နီးချင်းနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်ပါတယ်။


ဦးဝိုင်းဗိုလ် (အုပ်ချုပ်သူ၊ ဓနုတိုင်းရင်းသားရိုးရာအဖွဲ့)

ကျွန်တော့်အဖွဲ့မှာ လူ ၄၀ ပါဝင်ပါတယ်။ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ရဲ့ ရိုးရာအကအပြင် ရိုးရာလုပ်ငန်းဖြစ်တဲ့ လက်ဖက်လုပ်ငန်းကို ပုံဖော်တဲ့ကကွက်နဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်က နေပြည်တော်ကို ရောက်ဖူးတာ အခုအကြိမ်နဲ့ဆို ခုနစ်ကြိမ်ရှိပါပြီ။ အခုလို ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ နိုင်ငံက ပြည်ထောင်စုစိတ်ဓာတ်ရှိဖို့က အင်မတန် အရေးကြီးပါတယ်။ ပြည်ထောင်စု အတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမောင်နှမတွေအားလုံး ညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင်နဲ့ အားလုံးတက်ညီလက်ညီလက်တွဲပြီး ကြိုးပမ်း သွား မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်လာမှာပါ။ တိုင်းရင်းသားအားလုံးခံယူချက်၊ ယုံကြည်ချက်တွေကို တစ်ဖက်နဲ့ တစ်ဖက် ဖြေလျှော့ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးရရှိနိုင်မှာပါ။

 

ဦးခွန်ဆော(အုပ်ချုပ်သူ၊ ချင်းပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့)

မျိုးနွယ်စုနှစ်ခုဖြစ်တဲ့ ငရာ့နဲ့ဒါးရင်ဒူး မျိုးနွယ်စုအကတွေနဲ့ ပြည်ထောင်စုနေ့မှာ ဂုဏ်ပြုဖျော်ဖြေတင်ဆက်သွားမှာပါ။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး သွေးစည်းညီညွတ်မှ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးအစစ အရာရာ ခေတ်မီဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလိုမျိုး တစ်နေရာတည်းမှာ ဒေသအသီးသီးက တိုင်းရင်းသားတွေကို မြင်တွေ့ရတာ အင်မတန်မှ ပျော်ရွှင်ပီတိဖြစ်ရပါတယ်။ အဲဒီလိုပဲ မငြိမ်းချမ်းသေးတဲ့ ဒေသတွေက ကျွန်တော်တို့ရဲ့ ပြည်သူတွေ ကိုလည်း ငြိမ်းချမ်းရေးအမြန်ရရှိပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

 

အေးဆုမြတ်မွန်(ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့)
ကျွန်မက စစ်တွေတက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ်နဲ့ ဒုတိယနှစ်တက်နေတာပါ။ ပြည်ထောင်စုနေ့မှာ ရခိုင်ရိုးရာယဉ်ကျေးမှု အကနဲ့ ကပြဖျော်ဖြေသွားမှာပါ။ တက္ကသိုလ်မေဂျာပေါင်းစုံက ရွေးချယ်ပြီး အခုလိုနေပြည်တော်ကို ပထမဦးဆုံးအကြိမ် လာရောက်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ခံယူပါတယ်။ နေပြည်တော်ရောက်နေစဉ်မှာလည်း ဒီမှာရှိတဲ့ အထင်ကရနေရာ တွေကို လိုက်ပို့ပေးမယ်လို့လည်း သိရပါတယ်။ အခုဒီမှာ တိုင်းရင်းသားပေါင်းစုံနဲ့ ဆုံစည်းပြီး သိခွင့်၊ ခင်မင်ခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာရပါတယ်။

 

လဖိုင်နန်ဒွဲ(ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့)
အခုလို ပြည်ထောင်စုနေ့ကို တက်ရောက်ခွင့်ရတာ နှစ်နှစ်ရှိပါပြီ။ ကျွန်မတို့အဖွဲ့မှာ အဖွဲ့ဝင် ငါးဆယ်ကျော်ပါဝင်ပြီး ကချင်ရိုးရာ အကနဲ့ပဲ ကပြဖျော်ဖြေသွားမှာပါ။ တိုင်းရင်းသားပေါင်းစုံနဲ့အတူ ဆုံစည်းခွင့်ရတဲ့အတွက် အတွေ့အကြုံ ဗဟုသုတတွေ အများကြီးရသလို စည်းလုံးညီညွတ်မှုလည်း ပိုမိုရရှိပါတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်ခွင့်ရတာ အင်မတန်မှ ပျော်စရာ ကောင်းပါတယ်။ ကျွန်မအခုလို ပျော်ရွှင်နိုင်သလို ကျွန်မတို့ပြည်နယ်က မိသားစုတွေကိုလည်း ငြိမ်းချမ်းရေးအမြန်ရပြီး ပျော်ရွှင်စေချင်ပါတယ်။ ငြိမ်းချမ်းရေးရမှလည်း တိုင်းပြည်တိုးတက်နိုင်မှာပါ။

 

စောရှားထူးဝေါ်(ကရင်ပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့)
ကျွန်တော်တို့မှာ အဖွဲ့ဝင်စုစုပေါင်း ၄၀ ပါပါတယ်။ ဖျော်ဖြေရေးအနေနဲ့ ကရင်ရိုးရာ ဒုံးယိမ်းအကကိုပဲ အဓိက ကပြ တင်ဆက်မှာပါ။ ကျွန်တော်တို့နိုင်ငံဟာ ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် သူများနိုင်ငံနဲ့စာရင် ပိုပြီးတော့ ထင်ပေါ်တာတွေ့ရပါတယ်။ အခုလို ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားပေါင်းစုံ လာရောက် တွေ့ဆုံတဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ အထူးပင် ဝမ်းသာတယ်။ သူတို့ရဲ့ ရိုးရာဝတ်စုံတွေကို တွေ့ရတဲ့အတွက်လည်း ကြည်နူးမှုကို ခံစားရတယ်။ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားပေါင်းစုံ လာရောက်တွေ့ဆုံပြီး တစ်ယောက်နဲ့ တစ်ယောက် အသိပညာဖလှယ်ခွင့်ရတဲ့အတွက် ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရအပြင် ကျွန်တော်တို့ရဲ့ စည်းလုံးမှုနဲ့အတူ ငြိမ်းချမ်းသော ပြည်ထောင်စုနိုင်ငံကြီးကို တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ပိုပြီးခိုင်မာစေပါတယ်။ ကျွန်တော်တို့ရဲ့ ကရင်ပြည်နယ်ဟာ တစ်ချိန်တုန်းက မငြိမ်းချမ်းခဲ့ပါဘူး။ အခုဆိုရင် အများကြီး ငြိမ်းချမ်းနေပြီဖြစ်သလို အများကြီးလည်း တိုးတက်ပြောင်းလဲ နေပါပြီ။ ထို့အတူပဲ မငြိမ်းချမ်းသေးတဲ့ ဒေသတွေကိုလည်း ငြိမ်းချမ်းရေးရရှိဖို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအားလုံးကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးတဲ့အတွက်လည်း တာဝန်ရှိသူ တွေကို ကျေးဇူးတင်ပါတယ်။

 

ဦးဇော်ထွန်းသောင်း (အဖွဲ့ခေါင်းဆောင်၊ တနင်္သာရီတိုင်းဒေသကြီးရိုးရာယဉ်ကျေးမှုအဖွဲ့)

ကျွန်တော်တို့အဖွဲ့မှာ စုစုပေါင်း ၄၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ထားဝယ် ရိုးရာယဉ်ကျေးမှုအကတွေကို ပေါင်းစပ်ပြီးတော့ ထားဝယ်မြေက ဖိတ်ခေါ်သံဆိုတဲ့ တေးသီချင်းနဲ့ ဖျော်ဖြေတင်ဆက်မှာပါ။ မတူကွဲပြားတဲ့ အရာအားလုံး ပါဝင်ဆောင်ရွက်ခြင်း သည် ပြည်ထောင်စုစိတ်ဓာတ်ဆိုတဲ့အရာကို ဖြစ်တည်စေပါတယ်။ မတူကွဲပြားတဲ့ ပေါင်းစည်းဆောင်ရွက်မှုကနေ ပြည်ထောင်စု ဆိုတဲ့ စည်းလုံးမှုအပိုင်းကိုသွားမယ်ဆိုရင် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် ညီအစ်ကိုမောင်နှမများ၊ သွေးချင်း များပီပီ အားလုံးစုပေါင်းပြီးတော့ ကျရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးကြပါလို့ မေတ္တာ ရပ်ခံရင်း ငြိမ်းချမ်းသောပြည်ထောင်စုကြီးဆီသို့ လှမ်းချီကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။


မခိုင်သဇင်ထွန်း (မွန်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့)

ကျွန်မက မွန်ယဉ်ကျေးမှုအဖွဲ့နဲ့အတူ နှစ်ကြိမ်ပါဝင်ပြီး ဖျော်ဖြေဖူးပါတယ်။ နေပြည်တော်လိုသာယာလှပတဲ့ အစိုးရရုံးစိုက်တဲ့ မြို့ကို လာရောက်ပြီး ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပြသခွင့်ရတာ ဂုဏ်ယူစရာပါ။ ဒီမှာလည်း ပြည်ထောင်စု အတွင်းက တိုင်းရင်းသားပေါင်းစုံတွေ့ဆုံခွင့်ရတယ်၊ ယဉ်ကျေးမှုတွေ ဖလှယ်ခွင့် ရတယ်၊ အချင်းချင်းနှုတ်ဆက်ခွင့်နဲ့ သိရှိခွင့်ရတာလည်း ဘာနဲ့မှမလဲနိုင်တဲ့ အတွေ့အကြုံသစ်တွေ ဖြစ်ပါတယ်။

 

မောင်မာရ်ကုအောင်ငံ (ကယောယဉ်ကျေးမှုအဖွဲ့)

ကျွန်တော်တို့အဖွဲ့မှာ မိန်းကလေး ၂၀ နဲ့ ယောကျ်ားလေး ၂၀ စုစုပေါင်း ၄၀ ပါပါတယ်။ ကယားမျိုးနွယ်စု ၉ စုထဲက ကယောယဉ်ကျေးမှုအကနဲ့ ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အခုလို ပြည်ထောင်စုနေ့မှာ ပါဝင်ဖျော်ဖြေခွင့်ရတာ ပထမဆုံး အကြိမ်ပါ။ ဒေသအသီးသီးက တိုင်းရင်းသားတွေ ဆုံဖို့ဆိုတာ မလွယ်ကူပါဘူး။ အခုလိုမျိုး တစ်နေရာတည်းမှာ တွေ့ရတဲ့ အတွက် အတိုင်းမသိ ဝမ်းသာ ရပါတယ်။ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ရိုးရာဂုဏ်ကို ဖော်ဆောင်ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်ရသလို ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ပြည်ထောင်စုဆိုတာက မတူညီကွဲပြားတဲ့ နေရာအသီးသီးကနေ စုပေါင်း နေထိုင်နိုင်တာကို ပြည်ထောင်စုစိတ်ဓာတ်လို့ ခံယူပါတယ်။ စာနာထောက်ထားမှု၊ တစ်ဦးအပေါ် တစ်ဦးချစ်ခြင်း မေတ္တာတွေနဲ့ ခွဲခြားဆက်ဆံတာတွေမရှိရင် ပြည်ထောင်စုကြီး အမြန်ဆုံးငြိမ်းချမ်းရေးရမယ် ထင်ပါတယ်။

သတင်း-ဟန်လင်းနိုင်၊ ဟိန်းမင်းစိုး၊ ဓာတ်ပုံ-ထန်းဖုန်