၁၃ ဒီဇင်ဘာ

 

တိုင်းရင်းသား သွေးချင်းများနှင့်ပတ်သက်၍ ဆရာသမားများထံမှ ကြားဖူးနားဝမှတ်သားခဲ့ရသည့် ဗဟုသုတများ၊ နှစ်အတန်ကြာဆောင်ရွက်ခဲ့ရသော လုပ်ငန်းအတွေ့အကြုံများ ပေါ်မူတည်ကာ အကြောင်းအရာတချို့ကို တင်ပြလိုပါသည်။ 

 

ပြီးခဲ့သည့် ရက်ပိုင်းကလေးကပဲ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)၏ အမှတ်စဉ် ၁၂ သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ရာ အဆိုပါသင်တန်းဆင်းကျောင်းသားများနှင့်ပတ်သက်၍ လူမျိုးစု အလိုက်အင်အား အခြေပြဇယားကို ပြုစုထားကြောင်း တွေ့ရသည်။ ထို့အင်အား အခြေပြဇယားထဲမှာ ချင်းတိုင်းရင်းသား ကျောင်းသားလေး သုံးဦး၏ လူမျိုးစုအမည်ကို ချိုချင်းဟု ရေးသားဖော်ပြထားကြောင်း တွေ့ရသဖြင့် ကျွန်တော်စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်သွားရသည်။ 

 

မိမိတို့ဦးစီးဌာနအတွက် ၂ဝ၁၇ ခုနှစ် ပြက္ခဒိန်ကို တာဝန်ယူ ဆောင်ရွက်စဉ်ကလည်း အသုံးပြုသော တိုင်းရင်းသား တိုင်းရင်းသူဓာတ်ပုံများထဲမှာ တိုင်းရင်းသား အမည်တစ်ခုကို မှားယွင်းဖော်ပြမိမလို ဖြစ်ခဲ့ဖူးသည်။ ဓာတ်ပုံဆရာရိုက်ထားသည်က အရှိုချင်းတိုင်းရင်းသူလေး သုံးဦး ဖရဲသီးစိတ်လေးများစား၍ ပျော်ရွှင်စွာရယ်မောနေသည့် ပုံ၊ ထိုပုံကိုကျွန်တော်က ရိုးသားပျော်မွေ့ ပလောင်တိုင်းရင်းသူဓလေ့ဟု အမည်ပေးထားလိုက်မိသည်။ ပုံနှိပ်ခါနီးဆဲဆဲ စိတ်ထဲတွင် မသိုးမသန့် ဖြစ်နေသောကြောင့် Photo City ဓာတ်ပုံတိုက်သို့ လှမ်းပြီးအတည်ပြုမေးမြန်းခဲ့ရာ ပလောင်တိုင်းရင်းသူ မဟုတ်ဘဲ အရှိုချင်း တိုင်းရင်းသူများဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် အချိန်မီပြင်ဆင်လိုက်ရသည်။ 

 

ယခုလည်း ချိုချင်းဆိုတာနဲ့ပတ်သက်၍ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် ပြန်လည်ရှာဖွေကြည့်ရာ ချင်းတိုင်းရင်းသားလူမျိုးစု ၅၃ စုထဲ၌ သူနှင့်နီးနီးစပ်စပ် ဖော်ပြထားသည်မှာ အရှိုချင်း(မြေပြန့်)ဟူ၍ တွေ့ရသည်။ သို့သော် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ်မှ ထုတ်ဝေသော ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ စာအုပ်များထဲက ချင်းတိုင်းရင်းသား စာအုပ်တွင် ဘာသာစကားနှင့်ပတ်သက်၍ မင်းတပ်နယ်အတွင်း နေထိုင်ကြသော မွင်း၊ မကန်း၊ ဂါး၊ ယင်ဒူး၊ အူးပူတို့အားလုံး မွင်း (သို့မဟုတ်) ချိုစကားကို ပြောဆို နားလည်နိုင်ကြသည်။ ချိုဆိုသောစကားမှာလည်း ဇို၊ ယို၊ ရှို စကားများ၏ အသံကွဲ ဖြစ်သည်ဟု ဖော်ပြထားရာ ချိုစကားပြောသောကြောင့် ချိုတိုင်းရင်းသား လူမျိုးစုဟု အမည်ပေးထားနိုင်ကြောင်းကိုလည်း အတွေးဝင်မိပါသည်။ 

 

ဤအတွေးစမှနေ၍ ဆင့်ပွားဆက်စပ် တွေးတောမိသည်မှာ မိမိတို့သည် တစ်ချိန်က တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးဟု တွင်တွင်ကြီးသုံးစွဲလာခဲ့ကြသည်။ ထိုမှတစ်ဖန်မည်သည့် အကြောင်းရင်းကြောင့်ဟူ၍တော့ တိတိကျကျမသိ၊ တိုင်းရင်းသားလူမျိုး စုပေါင်း ၁ဝဝ ကျော်ဟူ၍သာ ပြောဆိုရေးသား သုံးစွဲလာခဲ့ကြရပြန်ပါသည်။ ၁ဝဝ ကျော်ဆိုသည်မှာ မည်မျှကျော်ပါသနည်း။ ၁ဝ၅ မျိုးလား၊ ၁၂ဝ လား ကွဲကွဲပြားပြား မည်သူမျှ မပြောနိုင်တော့ပေ။ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ များနှင့်ပတ်သက်၍ ဆရာကြီး ဦးမင်းနိုင်၊ ဆရာကြီး မနုဿကျော်ဝင်းတို့ကဲ့သို့သော သုတေသီများ၊ သမိုင်းပညာရှင်များ၊ သက်ဆိုင်ရာ လူမျိုးအလိုက် ရိုးရာယဉ်ကျေးမှု အဖွဲ့များက သူတို့တတ်စွမ်းသမျှ ရှာဖွေစုဆောင်းရေးသားတင်ပြထားသော စာအုပ်၊ စာစောင်၊ သမိုင်းမှတ်တမ်းများရှိနေပါသည်။ သို့သော် လူမျိုးစုအားလုံး၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ ပြည့်ပြည့်စုံစုံရှိနေဖို့ ဆိုတာကတော့ အလွန်ခက်ခဲပါလိမ့်မည်။ သုတေသီများ၊ စာပေပညာရှင်များကလည်း သူတို့နှင့် အကျွမ်းတဝင်ရှိနေသည့် လူမျိုးစုများအကြောင်းကိုသာ ရေးသားပြုစုနိုင်ပါလိမ့်မည်။

 

တိုင်းရင်းသားယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများနှင့် ပတ်သက်လာလျှင် ယနေ့ အချိန်အထိ ကျွန်တော်တို့ လက်လွှတ်၍ မရသေးသော စာအုပ်၊ စာစောင်များထဲမှာ အဆိုပါမြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ်က ထုတ်ဝေသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စာအုပ်ပြာကြီးများလည်း အပါအဝင်ဖြစ်ပါသည်။ 

 

ထိုစာအုပ်များအတွက် အမှာစာရေးသားထားရာ၌ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများ ပြုစုနိုင်ရေးအတွက် ၁၉၆၅ ခုနှစ် ဘားအံမြို့၌ ကျင်းပပြုလုပ်သည့် ၁၈ ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် စတင်ခဲ့ကြောင်း၊ ထိုပွဲတော်အတွင်း ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သမိုင်းဌာနမှဆရာ ဆရာမများ၊ မနုဿဗေဒဌာနမှ ဆရာ ဆရာမများ၊ မော်လမြိုင်ကောလိပ် သမိုင်းဌာနမှဆရာ ဆရာမများသည် ပြည်ထောင်စုနေ့ ပွဲတော်သို့ တက်ရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများ အနက်မှ ၅၁၂ ဦး ကို တစ်ဦးချင်း တွေ့ဆုံဆွေးနွေးကာ တိုင်းရင်းသားများနှင့်ဆိုင်သည့် ရရှိသော အချက်အလက်များကို မှတ်တမ်းတင်ခဲ့ကြောင်း၊ ထိုနှစ်နွေရာသီ ကျောင်းပိတ်ရက်များ၌လည်း ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ မ္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ မော်လမြိုင် ကောလိပ်မှ ဆရာ၊ဆရာမများအား လေ့လာရေးအဖွဲ့ ခုနစ်ဖွဲ့ခွဲ၍ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းလေ့လာစေခဲ့ကြောင်း၊ ပြည်နယ်များအလိုက် တာဝန်ရှိသူများက စိတ်ဝင်စားမှုနှင့် လိုလေသေးမရှိအောင် အားပေးကူညီမှုများကြောင့် တိုတောင်းလှသည့် ၄၅ ရက်အတွင်းမှာပင် တိုင်းရင်းသားလူမျိုးများ အမျိုးသား၊ အမျိုးသမီး ၂၄၅၈ ဦးနှင့် တွေ့ဆုံဆွေးနွေးပြီး အချက်အလက်များ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ရှမ်းပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများသို့ တစ်ဖွဲ့စီ စေလွှတ်ကာ အချက်အလက်များ ထပ်မံရှာဖွေခဲ့ကြောင်း၊ ထိုသို့ ကွင်းဆင်းလေ့လာ အချက်အလက်စုဆောင်းမှုများကို တစ်နှစ်ကျော်မျှ ပြုလုပ်ပြီးနောက် ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရှမ်းလူမျိုးတို့အကြောင်းကို တစ်ခန်းစီခွဲ၍ ပြုစုရေးသားခဲ့ကြရာ ၁၉၆၆ ခုနှစ် မေလအတွင်း အကြမ်းအားဖြင့် အပြီးသတ်နိုင်ခဲ့ကြောင်း ရေးသားဖော်ပြထား ပါသည်။

 

ယင်းလုပ်ဆောင်ချက်များကို ကြည့်လျှင် တက္ကသိုလ်နှင့် ကောလိပ်များရှိ သမိုင်းဌာန၊ မနုဿဗေဒဌာနတို့မှ ဆရာ ဆရာမများ၏ အားကိုယူကာ ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်ထားကြောင်း တွေ့ရမည်ဖြစ်သည်။ တစ်ဖန် ကျွန်တော်တို့ကိုယ်တိုင် နတလ ဝန်ထမ်းဘဝသို့ ရောက်ရှိချိန်၌ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မနုဿဗေဒဌာနမှ ဆရာမကြီး ပါမောက္ခ ဒေါ်တင်ရီ ဦးဆောင်၍ ဆရာ ဆရာမများအဖွဲ့သည် နယ်စပ်ဒေသအသီးသီးသို့ သွားရောက်ကာ မနုဿဗေဒဘာသာရပ်၏ ဘာသာခွဲတစ်ခုဖြစ်သော လူမျိုးစုနှိုင်းယှဉ်ပညာ (Ethnology)အတွက် ကွင်းဆင်းသုတေသနပြုခဲ့ကြသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်မဟာဗျူဟာလေ့လာရေးရုံး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန (ထိုစဉ် နယ်စပ်/စည်ပင်ဝန်ကြီးဌာန)၊ ပညာရေးဝန်ကြီးဌာန ဝိုင်းဝန်း ကူညီခဲ့ကြသည်။ အခါ တိုင်းရင်းသားများရှိရာသို့ ပထမဆုံး သွားရောက်ခဲ့ကြပြီး ဆက်လက်၍ ဆလုံတိုင်းရင်းသား၊ 'ဝ' တိုင်းရင်းသား တို့နှင့်ပတ်သက်သော လူမှု စီးပွားရေးဘဝ အခြေအနေများကို လေ့လာမှတ်တမ်းတင်နိုင်ခဲ့ကြပါသည်။ 

 

ယနေ့အချိန်အခါတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဖွင့်လှစ်ထားပြီးဖြစ်သော တက္ကသိုလ်များ၏ အကူအညီဖြင့် မိမိတို့သက်ဆိုင်ရာဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးစုများဆိုင်ရာ လူမှုစီးပွားရေးဘဝ အပါအဝင် မှတ်တမ်းအချက်အလက်များကို ကောက်ယူထိန်းသိမ်းထားမည်ဆိုပါလျှင် မိမိတို့နိုင်ငံ အတွင်းမှာ တိုင်းရင်းသားမျိုးနွယ်စုပေါင်း မည်မျှရှိသည်၊ မည်သို့သော အမည်နာမများ ခေါ်တွင်ကြသည်၊ ဘယ်အမျိုးနွယ်စုမှာ လူမျိုးစု ဘယ်လောက်ပါသည်၊ လက်ရှိသူတို့၏ လူမှုစီးပွားရေးဘဝအခြေအနေများမှာ မည်သို့မည်ပုံရှိနေသည် စသည်တို့အား တိတိကျကျ သိနိုင်မည်ဟု ယုံကြည်မိပါသည်။ လွဲမှားနေသော၊ အပိုအလိုဖြစ်နေသော အမည်နာမများကိုလည်း မှန်ကန်အောင် တည့်မတ်ပေးနိုင်မည်ဟု ထင်မြင်မိပါသည်။ 

 

တိုင်းရင်းသား ဘာသာစကားနှင့် ပတ်သက်၍လည်း လူမျိုးတိုင်းမှာ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာစကားများ ရှိနေကြသည်။ နာဂတိုင်းရင်းသား သွေးချင်းများပင်လျှင် အားလုံးပြောဆိုရေးသားနိုင်မည့် နာဂမစ်စာပေကို တီထွင်သုံးစွဲလျက်ရှိကြောင်း ယင်းကိစ္စအောင်မြင်ရေးအတွက် လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များအပါအဝင် စစ်ကိုင်းတိုင်ဒေသကြီး ခ္တီးဒေသမှ နာဂတိုင်းရင်းသားများကပါ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။ 

 

ယင်းကဲ့သို့ လူမျိုးအလိုက် ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုအနုပညာအားလုံး တိုးတက်ထွန်းကား ပြန့်ပွားလာရေးအတွက် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများက ဝိုင်းဝန်ကူညီပံ့ပိုး ကြရမည်ဖြစ်သည်။ လူမျိုးစုတစ်ခုတည်းမှာပင် ဘာသာ စကားမတူညီ၍ ဆက်သွယ်ပြောဆိုဆက်ဆံရန် အခက်အခဲများစွာ ကြုံကြရသည်။ တူညီသော လူမျိုးစုအချင်းချင်းမှသည် လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား ရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်သွယ်နိုင်မှသာလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ထွန်းကားပြန့်ပွားလာပြီး ပြည်ထောင်စုကြီး ရာသက်ပန်တည်ငြိမ်အေးချမ်းမှုကို ရရှိပေလိမ့်မည်။ 

 

ရခိုင်တိုင်းရင်းသား မျိုးနွယ်စုထဲတွင် ခမီနှင့်မြိုတိုင်းရင်းသားများ ပါဝင်နေပေရာ မှတ်တမ်း အချက်အလက်များအရ ခမီဆိုသည်မှာလည်း လူဟုအဓိပ္ပာယ်ရ၍၊ မြိုဆိုသည် မှာလည်း လူဟုပင် အဓိပ္ပာယ်ကောက်ယူနိုင်ပြီး မျိုးနွယ်စုတူညီနေကြောင်း တွေ့ရသည်။ သို့သော် ယနေ့အချိန်အခါ၌ လက်တွေ့နေထိုင်ကြသည်မှာ မြိုက မြိုရွာသတ်သတ်၊ ခမီက ခမီရွာ သတ်သတ်ရှိနေကြသဖြင့် လွန်ခဲ့သည့် (၄၊ ၅) နှစ်က တွင်တွင်ကြီး ကြားခဲ့ရသော မြို(ခေါ်)ခမီ ဆိုသည့် အသုံးအနှုန်းမှာ မှန်ကန်မှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ် ရန် လိုမည်ဖြစ်သည်။ 

 

တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် နိုင်ငံရေးကို ရောထွေးမပစ်သင့်ဟု နားလည်သဘောပေါက်မိသည်။ တိုင်းရင်းသားသွေးချင်းများအရေးကို မြော်တွေး ဆောင်ရွက်ကြမည်ဆိုလျှင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာ များစွာ ကျန်ရှိနေပါသေးသည်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ မရနိုင် စကောင်းပါ။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်၊ စေတနာရှင်အားလုံးနှင့် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်သဖွယ် ခံယူလျက် စိတ်တူကိုယ်တူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာလျှင် အောင်မြင်နိုင်မည်ဟု အလေးအနက် ယုံကြည်မိပါကြောင်း။    ။