ဖေဖော်ဝါရီ ၁၈

ဖေဖော်ဝါရီလ ၂၀ ရက် ... ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ချင်းတိုင်းရင်းသားတို့၏ “ချင်းအမျိုးသားနေ့” ။ ဤနေ့သို့ရောက်တိုင်း ချင်းတိုင်းရင်းသားတို့သည်၁၉၄၈ ခုနှစ် ဖလမ်းမြို့တွင် ကျင်းပခဲ့သော ချင်းအမျိုးသားထုတစ်ရပ်လုံးညီလာခံကို အမှတ်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းချင်းအမျိုးသားထုတစ်ရပ်လုံးညီလာခံသည် “ချင်းအမျိုးသားနေ့” ကို မွေးဖွားပေးလိုက်သလို၊ ချင်းတိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှုရလဒ်ကို ဖော်ဆောင်ပေးခဲ့သောကြောင့်ပေတည်း။

 

222

 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဖြင့် စုစည်းဖွဲ့စည်းထားသော နိုင်ငံပင်ဖြစ်သည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နှစ်ပေါင်းထောင်ချီအောင်၊ အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက် နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်ရေးသည် ကိုလိုနီခေတ်နယ်ချဲ့တို့၏ ပြည်နယ်၊ ပြည်မ သွေးခွဲအုပ်ချုပ်ခဲ့မှုဖြင့် တိုင်းရင်းသားတို့၏ တွဲသောလက်ကို ဖြုတ်ပစ်လိုက်၏။ သွေးစည်းမှုပျက်ပြားအောင် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည်။


ယင်းသို့ ပျက်ပြားခဲ့သည့် သွေးစည်းညီညွတ်ရေးကိုပြန်လည်ဖော်ထုတ်ရန် တိုင်းရင်းသားအားလုံး အသိရှိရှိတာဝန်သိသိဖြင့် ကြိုးပမ်းခဲ့ကြသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်သော အခြေခံအုတ်မြစ်ကို ပင်လုံညီလာခံတွင် ချခဲ့ကြသည်။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့သည့်နေရာလည်းဖြစ်သည်။


ချင်းမျိုးချစ်ခေါင်းဆောင်တို့၏ တောင်တန်းပြည်မပူးပေါင်း၍ လွတ်လပ်ရေးကြိုးပမ်းခဲ့မှု ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်သည် နယ်ချဲ့လက်အောက်စစ်သားဘဝဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျမဒါ၊ ဆူပဒါ ရာထူးအဆင့်များသို့ ချီးမြှင့်ခြင်း ခံခဲ့ရ၏။ ရဲဝံ့စွန့်စားသည့် တိုက်ခိုက်မှုစွမ်းရည်ကြောင့်ဆုတံဆိပ်များစွာ ရရှိခဲ့သူဖြစ်သည်။ နယ်ချဲ့လက်အောက်တာဝန်ထမ်းဆောင်ချိန်၌ အင်္ဂလိပ်တို့သည် ချင်းစစ်သည်များကို စစ်မျက်နှာပြင်တွင် ရှေ့တန်းထား၍ အသုံးချကြ၏။ အင်္ဂလိပ်တို့က ဘေးကင်းရာနောက်ကွယ်မှနေ၍ အမိန့်ပေးကြသည်။ သူတို့သည် သားနားသောစစ်ဝတ်စုံကို ဝတ်ကြ၏။ ချင်း စစ်သည်များကို ခပ်ညံ့ညံ့စစ်ဝတ်စုံကိုသာ ပေးဝတ်စေသည်။ စားရိပ်သာတွင် ချင်းစစ်ဗိုလ်တိုင်း ဝင်ခွင့်မပြု။ သူတို့အလိုကျသူအချို့ကိုသာ ဝင်ခွင့်ပြုသည်။ ထို့ကြောင့် အင်္ဂလိပ်စစ်ဗိုလ်များကို မကျေမနပ်ဖြစ်ကာ မခံချင်စိတ်ပြင်းပြခဲ့သူတစ်ဦးဖြစ်ပေသည်။


ဦးဝမ္မသူးမောင်တာဝန်ထမ်းဆောင်နေသည့် အမှတ်၁/၂၀၊ ဘားမားရိုင်ဖယ်တပ်သည် မန္တလေးနန်းတွင်း၌ စခန်းချလျက်ရှိစဉ် မျိုးချစ်ခေါင်းဆောင်ကြီး ဦးဥတ္တမက ဈေးချိုအနီးတွင် နိုင်ငံရေးတရားဟောရန် ကြွရောက်ခဲ့သည်။
ဤတွင် အင်္ဂလိပ်တို့က “ဦးဥတ္တမ” အပေါ် အရေးယူစရာရှိက ယူနိုင်ရန်နှင့် ဆူပူမှုဖြစ်က နှိမ်နင်းရန် ဦးဝမ္မသူးမောင်ကိုတာဝန်ပေးစေလွှတ်ခဲ့သည်။ ဦးဝမ္မသူးမောင်ကား ဦးဥတ္တမ ၏ ရဲရဲတောက် “ဝံသာနုရက္ခိတ” တရားကိုစွဲလမ်းစွာ နားထောင်ရင်း မျိုးချစ်စိတ်ဓာတ်အခြေခံကောင်းတွေကို တည်ဆောက်ခဲ့ပေသည်။


၁၉၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် မေမြို့မှချင်းရဲဘော်များက ပညာရေးအဖွဲ့ ဖွဲ့စည်းရန် စစ်ဘက်အရပ်ဘက် ချင်းအမျိုးသားများထံ အလှူငွေကောက်ခံသည်။ ၁၉၂၃ ခုနှစ် ဩဂုတ်လတွင် ဝမ္မသူးရွာ၌ ထိုအလှူငွေဖြင့် မြန်မာစာ သင်ကျောင်းဖွင့်လှစ်ခဲ့၏။ ၁၉၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင်ဦးဝမ္မသူးမောင်သည် ဆူပဒါရာထူးမှ နုတ်ထွက်ခဲ့သည်။ အမျိုးသားကျောင်းတွင် ဆရာဝင်လုပ်၏။ ချင်းတောင်သို့တက်၍ အမျိုးသားကျောင်းတည်ထောင်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ပင့်ကာသာသနာပြု၏။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတရားများ ဟောသည်။


၁၉၃၃ ခုနှစ် မတ်လ ၂၇ ရက်တွင် ဦးဝမ္မသူးမောင်ဦးဆောင်ပြီး ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ (ခမညဖ)ကိုဖွဲ့စည်းခဲ့သည်။ ၁၉၃၈ ခုနှစ် ခမညဖ အဖွဲ့၏ တတိယ ညီလာခံကို ဝမ္မသူးရွာတွင် ကျင်းပ၏။ ဤတတိယအကြိမ် ညီလာခံ၌ ဒုတိယအကြိမ် ညီလာခံတွင်ဆုံးဖြတ်သော (၉၁)ဌာနအုပ်ချုပ်ရေးတွင် ချင်းတောင်တန်းကို ထည့်သွင်းရေး အပါအဝင်တောင်းဆိုချက် ကိုးချက်ကို အင်္ဂလိပ်အစိုးရထံကိုယ်စားလှယ်စေလွှတ်တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤတောင်းဆိုချက်ကိုဘုရင်ခံနှင့် ဥပဒေပြုလွှတ်တော်သို့ အမျိုးသားခေါင်းဆောင်ကြီး ဘကြီးဘဖေ (ဖေ၊ ပု၊ ရှိန်)က တင်ပေးခြင်းဖြစ်၏။


၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက် ဒါဘာပွဲကို မကွေးခရိုင်ဝန်ရှင်တော်မင်းကြီး “မက္ကရီကင်း” က ကန်ပက်လက်မြို့တွင်ကျင်းပခဲ့သည်။ ဤဒါဘာပွဲတွင် မကွေးခရိုင်ဝန်ရှင်တော်မင်းကြီး၊ ဖလမ်းအရေးပိုင်၊ ကန်ပက်လက်နယ်ပိုင်တို့က ဦးဝမ္မသူးမောင်ဦးဆောင်သည့် ခမညဖ ခေါင်းဆောင်များအပါအဝင် လူထုကိုယ်စားလှယ် ၃၀ဝဝ ကျော်တို့နှင့် ဆွေးနွေးခဲ့သည်။


မကွေးဝန်ရှင်တော်မင်းကြီးက ထိုဒါဘာပွဲ၌ ၉၁ ဌာန အုပ်ချုပ်ရေးတွင် ချင်းတောင်တန်းကို ထည့်သွင်းပေးရေး အပါအဝင် တောင်းဆိုချက်ကိုးချက်ကို ပယ်ချခဲ့သည်။ လူထုကိုယ်စား လှယ်တို့က မခံမရပ်နိုင်ဖြစ်ကြကာ လက်သီးလက်မောင်းတန်းပြီး တစ်ခဲနက်ကြွေးကြော်ဆန္ဒပြခဲ့ကြ၏။ ရွာသူကြီး ၃၆ ဦး တို့ကလည်း သူတို့၏ခန့်စာများကို နယ်ပိုင်ဝန်ထောက်ထံပစ်ပေါက်အပ်နှံကြသည်။ မကွေးဝန်ရှင်တော်မင်းကြီးနှင့်အဖွဲ့ထိတ်လန့်ကာ ဆောမြို့သို့ ဆုတ်ခွာခဲ့ရ၏။ အင်္ဂလိပ်တို့က ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ကို မတရားအသင်း ကြေညာခဲ့သည်။


ဤအဖြစ်အပျက်ကို ဇလွန်မြို့နယ် ဒေါင့်ကြီးလူထုဟောပြောပွဲတွင် သခင်အောင်ဆန်းက ထုတ်ဖော်ဟောပြော ချီးကျူးခဲ့သည်။ ထို့ကြောင့် ရာဇဝတ်ဝန် “ဇေဗီးယား” က သခင်အောင်ဆန်းကို ဖမ်းဆီးနိုင်သူအား ဆုငွေ ငါးကျပ်ပေးမည်ဟုသိက္ခာချဝရမ်းထုတ်ခဲ့၏။ ဤဝရမ်းကြောင့် သခင်အောင်ဆန်းအပါအဝင်ရဲဘော်သုံးကျိပ်တို့သည် ဂျပန်နိုင်ငံသို့ ဆောလျင်စွာ တိတ်တဆိတ်ထွက်ခွာပြီး စစ်ပညာသင်ယူရသည့် နိုင်ငံရေး ကွင်းဆက်များဖြစ်ပေါ်ခဲ့ရသည်။


မြန်မာနိုင်ငံကို ဂျပန်တို့ လာရောက်အုပ်ချုပ်သည့်အခါတွင်ပင် ချင်းမျိုးချစ်ပုဂ္ဂိုလ်များသည် ဖက်ဆစ်များတော်လှန်ရန်နှင့် အင်္ဂလိပ်တို့ ပြန်ဝင်လာပါက စနစ်တကျတိုက်ခိုက်ရန်ဦးဝမ္မသူးမောင်၏ စည်းရုံးကွပ်ကဲမှုအောက်တွင် စည်းရုံးလှုပ်ရှား လာကြသည်။ 


ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့သည် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကော်မတီ(Peace Preservation Committee)တစ်ရပ်ကို အချိန်မီဖွဲ့စည်းလျက် ကန်ပက်လက်စည်းရုံးရေးတာဝန်များကို ဝင်ရောက်ထိန်းသိမ်းခဲ့မှုကြောင့်ဂျပန်ခေတ်တွင် တရားဥပဒေမဲ့ ဖျက်ဆီးနှောင့်ယှက်မှုမရှိဘဲကန်ပက်လက်နယ် တစ်ဝန်းတွင်သာမက တောင်ပိုင်းချင်းတောင်ဒေသတစ်ခုလုံး အေးချမ်းစွာနေနိုင်ခဲ့ခြင်း ဖြစ်ပေသည်။


ထို့နောက် ဦးဝမ္မသူးမောင်အပါအဝင် ချင်းမျိုးချစ်ပုဂ္ဂိုလ်များသည် ဒို့ဗမာအစည်းအရုံးဝင် သခင်များအဖြစ်လည်းကောင်း၊ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီဒီအက်(ဖ်)တပ်များ သို့လည်းကောင်း၊ တဖွဲဖွဲဝင်ရောက်ကြကာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ အင်္ဂလိပ်တို့ကို အပြီးအပိုင်မောင်းထုတ်ရေး၊ လွတ်လပ်ရေးအရ ယူရေးတို့အတွက် ရှေ့ တန်းမှပါဝင်လှုပ်ရှားခဲ့ကြသည်။


၁၉၄၇ ခုနှစ် မတ်လ ၃ ရက်မှ ၅ ရက်အထိ ပခုက္ကူခရိုင်ထီးလင်းမြို့တွင် ကျင်းပခဲ့သော ချင်း- ဗမာချစ်ကြည်ရေး ညီလာခံတွင် ဦးဝမ္မသူးမောင်၊ ဦးဇဟိုး၊ ဦးလျန်ကား(ရ်)တို့တက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား ဒီးဒုတ်ဦးဘချို တက်ရောက်၍ ချင်း-ဗမာချစ်ကြည်ရေး ကျောက်တိုင်ကို ပန္နက်ချ စိုက်ထူပေးခဲ့သည်။


ရှမ်းပြည်နယ် ပင်လုံမြို့၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ပြည်မနှင့်တောင်တန်းဒေသ ပူးပေါင်းရေးစာချုပ်ကို တိုင်းရင်းသား ကိုယ်စားလှယ်ကြီးများက လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုကြသည်။ ထိုပင်လုံစာချုပ်တွင် ချင်းတိုင်းရင်းသားကိုယ်စားလှယ် ဦးလူရ်မှုန်း (ဖလမ်း)၊ ဦးကီးယိုမန်း (ဟားခါး)၊ ဦးသောင်ဇာခုတ်(တီးတိန်)တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။


၁၉၄၇ ခုနှစ် မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့တွင် ကျင်းပခဲ့သော တောင်တန်းသား များညီလာခံတွင် ဦးဝမ္မသူးမောင် တက်ရောက်ခဲ့သည်။ ဦးဝမ္မသူးမောင်သည် ထိုညီလာခံတွင် တောင်တန်းပြည်မ ပူးပေါင်းကာ လွတ်လပ်ရေးအရယူရေးကို အလေးအနက်ထား ဆွေးနွေးခဲ့သည်။


မေမြို့ (ပြင်ဦးလွင်)၌ ရုံးထိုင်နေသော နယ်ခြားစုံစမ်း စစ်ဆေးရေး(ရီးဝီးလျှံကော်မရှင်နာ)ထံသို့ ၁၉၄၇ ခုနှစ်ဧပြီလတွင် ဦးဝမ္မသူးမောင်၊ ဦးဝမ်ကိုဟော ခေါင်းဆောင်သော ချင်းတိုင်းရင်းသားကိုယ်စားလှယ်များနှင့် နာဂတောင်တန်း၊ ခန္တီးခရိုင် ချင်းကိုယ်စားလှယ်များ တက်ရောက်ကြပြီး အရေးဆိုခဲ့ကြသည်။


၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ၌ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ချင်းကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး ချင်းတောင်ကို ချင်းဝိသေသတိုင်းအဖြစ် ခေါ်ဆိုဖွဲ့စည်းရန်ရွေးချယ်သတ်မှတ်ပေးခဲ့သည်။


ချင်းအမျိုးသားနေ့၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး အစိုးရဖွဲ့စည်းရာတွင် ဦးဝမ္မသူးမောင်သည် အစိုးရ အဖွဲ့ဝင် ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။


လွတ်လပ်ရေး ရရှိပြီးဖြစ်သော်လည်း ချင်းဝိသေသတိုင်းတွင်နယ်ချဲ့လက်အောက်ခံ တိုက်သူကြီးအုပ်ချုပ်ရေးစနစ်ရှိနေခဲ့သည်။ ထိုစနစ်ကို ဖျက်သိမ်းရန် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ၁၉ ရက်မှ ၂၂ ရက်အထိ ချင်းအမျိုးသားညီလာခံကိုဖလမ်းမြို့တွင် ကျင်းပခဲ့သည်။ ယင်းညီလာခံသို့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ချင်းတိုင်းရင်းသားကိုယ်စားလှယ် ၅၀ဝဝ ကျော် တက်ရောက်ခဲ့သည်။


ဖေဖော်ဝါရီလ ၂၀ ရက် ညီလာခံဒုတိယနေ့တွင် ရှေးလုပ်ငန်းစဉ်ချမှတ် ဆောင်ရွက်နိုင်ရေးအတွက် တိုက်သူကြီးအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းလိုက်သည်။ ညီလာခံကိုယ်စားလှယ် ချင်းတိုင်းရင်းသားအားလုံး၏ ဆန္ဒအရ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးရန်ဆုံးဖြတ်ခဲ့ကြသည်။ ဤညီလာခံတွင် ချင်းမျိုးချစ်ခေါင်းဆောင်တို့၏ ချင်းအမျိုးသားထုတစ်ရပ်လုံး သူ့ကျွန်ဘဝမှလွတ်မြောက်ရေးအတွက် တောင်တန်းပြည်မပူးပေါင်းကာ လွတ်လပ်ရေးအရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့်ချင်းတိုင်းရင်းသားတို့၏ မျိုးချစ်စိတ်ဓာတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ဖလမ်းညီလာခံတွင် တိုက်သူကြီး အုပ်ချုပ်ရေးစနစ်ဖျက်သိမ်းကာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ခြင်း စသည့်သမိုင်းအစဉ်အလာကောင်းခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို “ချင်းအမျိုးသားနေ့” ဟု သတ်မှတ်သွားရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။


ချင်းအမျိုးသားနေ့ကျင်းပခြင်း ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသား နေ့အဖြစ် သတ်မှတ်ပြီးဖြစ်သော်လည်း အခမ်းအနားကိုကျင်းပနိုင်ခြင်း မရှိသေးပါ။ ၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့ ချင်းရေးရာကောင်စီက ဖလမ်းညီလာခံမှတိုက်သူကြီး အုပ်ချုပ်ရေးစနစ်ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရ ီ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကြောင်းနှင့်အခမ်းအနားများ ကျင်းပနိုင်ကြောင်း၊ ယင်းနေ့ကို ချင်းဝိသေသတိုင်းအတွင်း အစိုးရရုံးပိတ်ရက်အဖြစ်လည်း သတ်မှတ်ကြောင်း အတည်ပြုချက် ထုတ်ပြန်ပြီးမှသာလျှင် ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ဦးဝမ္မသူးမောင် မွေးရာဒေသကို ဂုဏ်ပြုသည့်အနေဖြင့် မင်းတပ်မြို့ မြို့မအားကစား ကွင်းတွင် အခမ်းအနား ကိုကျင်းပခဲ့သည်။ နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်၏ သဝဏ်လွှာကို ဝန်ကြီးချုပ်ဦးနု ဖတ်ကြားခဲ့သည်။ ဝန်ကြီးများ သဝဏ်လွှာကို ကချင်ရေးရာဝန်ကြီး ဆမားဒူးဝါးဆင်ဝါနောင် ဖတ်ကြားခဲ့သည်။ ချင်းအမျိုး သားနေ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် (၇၁)နှစ်မြောက်သို့တိုင် ရောက်ရှိလာပေတော့မည်။


ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုစည်းနေထိုင်လျက်ရှိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် အညီခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိပေသည်။ နိုင်ငံတော်အနေဖြင့် စီးပွားရေးစီမံကိန်းအောင်မြင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်လျက်ရှိပေသည်။ တစ်ဖက်ကလည်း နိုင်ငံတော်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် အဟန့်အတားဟူသမျှကို ချင်းတိုင်းရင်းသားတို့အနေဖြင့် မိမိတို့ညီနောင်တူဖွား၊ သွေးချင်းများနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရပါမည်။ သို့မှသာ အမိနိုင်ငံတော်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း ပိုမိုတိုးတက်လာမည်ဖြစ်ပေသည်။


သို့ဖြစ်၍... 


(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွံတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသား အားလုံးတို့၏ စုပေါင်းအင်အားဖြင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး။ 


(ခ) ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့်လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး။ 


(ဂ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ “(၂၁) ရာစုပင်လုံ” မှသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အောင်မြင်သည်အထိအကောင်အထည်ဖော်ဆောင်ရွက်ရေး။ 


(ဃ) တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများဘေးကင်း လုံခြုံရေးအတွက် နိုင်ငံသားအားလုံးစည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး။ 


(င) ကောင်းမွန်သောပညာရေးနှင့်လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံသားတိုင်း ရရှိခံစားနိုင်ရေး၊ 


...စသည့်၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ငါးရပ်ကို ချင်းအမျိုးသားနေ့အတွက် တပ်လှန့်နှိုးဆော်သံအဖြစ် ခံယူရင်း ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ကျင်းပခြင်း နှင့်အတူ နိုင်ငံအပေါ် တာဝန်ကျေပွန်ကြရပေမည်။အခုလို ချင်းတိုင်းရင်းသားတို့၏ သမိုင်းတန်ဖိုးကြီးမားလှသော ချင်းအမျိုးသားနေ့သည် ချင်းတိုင်းရင်းသားတို့၏ နှလုံးသားထဲတွင် ကမ္ပည်းတင်ထားရမည့် နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ချင်းအမျိုးသားနေ့ ရနံ့သင်းပျံ့နေသမျှ ချင်းတိုင်း ရင်းသားတို့၏ ရနံ့လည်း ထာဝရတည်တံ့နေမည်ဖြစ်သည်။ ချင်းတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုသည် မိသားစုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ တစ်နည်း ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပေသည်။ သို့ဖြစ်၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ချင်းအမျိုး သားနေ့ကို တိုင်းရင်းသားချစ်ကြည်ရေးစိတ်ဓာတ်ဖြင့်တိုက်တွန်း ဆန္ဒပြုလျက် ဤဆောင်းပါးဖြင့် ကြိုဆိုဂုဏ်ပြု အပ်ပါသည်။


မောင်မောင်ကျော့(ပလက်ဝ)