တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်နေသည့် ရှမ်းပြည်နယ်နေ့

 

စိုင်းသာလှိုင်(လိမ္မော်မြေ)

 

ဖေဖော်ဝါရီလ ၇ ရက်သည်  ရှမ်းပြည်နယ်နေ့ဖြစ်သည်။ ဤနေ့သို့ရောက်လေတိုင်း ရှမ်းတိုင်းရင်းသားတို့အနေဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ပင်လုံညီလာခံကို အမှတ်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပင်လုံညီလာခံကြီးသည် ရှမ်းပြည်နယ်နေ့ကို မွေးဖွားပေးလိုက်သည့်အပြင် တိုင်းရင်းသား သွေးစည်းညီညွတ်မှု၏ ရလဒ်ဖြစ်သော ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

 

ဗြိတိသျှအလိုကျ ပဒေသရာဇ်ကောင်စီ

 

အတိတ်သမိုင်းကို ပြန်ကြည့်လျှင် နယ်ချဲ့တို့သည် မြန်မာနိုင်ငံတစ်ဝန်းလုံးကို သိမ်းပိုက်ပြီးသည့်နောက် တောင်တန်း၊ ပြည်မ ခွဲခြား၍ သွေးခွဲအုပ်ချုပ် ခဲ့ပြီး  ရှမ်းပြည်နယ်၌ ခေတ်အဆက်ဆက် ရှမ်းပြည်နယ်သူ  ပြည်နယ်သားတို့အား  သွေးစုပ်ခဲ့ သော ပဒေသရာဇ်တို့ကို  ၎င်းတို့ခါးပိုက်ဆောင်များအဖြစ်  မွေးထုတ်ကာ  ခြယ်လှယ်ခွင့်ပေးခဲ့သည်။ နယ်ချဲ့တို့သည် ၎င်းတို့အလိုကျပင် ပဒေသရာဇ် ကောင်စီကို ဖွဲ့စည်းကာ  ၎င်းတို့ကိုယ်စား  တိုင်းရင်းသားအချင်းချင်း ခြယ်လှယ်ခွင့်နှင့် စီမံ ခန့်ခွဲအုပ်ချုပ်ခွင့်တို့ကို ပေးခဲ့သည်။

 

ရှမ်းပြည်နယ်သားတို့သည်  နယ်ချဲ့နှင့် နယ်ချဲ့ အလိုတော်ရိတို့၏ ခြယ်လှယ်မှုအောက်တွင် ကာလရှည်ကြာစွာ ဝမ်းမဝ ခါးမလှဖြင့် ရပ်တည်ခဲ့ရပြီး နယ်ချဲ့နှင့် အပေါင်းအပါတို့မှာမူ ရှမ်းပြည်နယ်သားတို့၏ အဆီကိုစားပြီး အသားကိုမြိုခဲ့ကြသည်။

 

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှု အောက်တွင် ရှမ်းပြည်နယ်သားတို့က မြေပြန့်နှင့်အတူ ပူးပေါင်းကာ လွတ်လပ်ရေးကိုရယူမည်ဆိုသော ကြွေးကြော်သံကို နယ်ချဲ့အလိုတော်ရိတို့က  မည်သို့မျှ လက်မခံလိုကြပေ။ ထို့ကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးအတွက် လန်ဒန်သို့ သွားရောက်တောင်းဆို တိုက်ပွဲဝင်ချိန် တွင် နယ်ချဲ့အလိုတော်ရိများက ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်သားအားလုံး၏ ကိုယ်စားလှယ် မဟုတ်ကြောင်း ကြေးနန်းရိုက် ကန့်ကွက်ခဲ့ကြသည်။

 

ထိုအခါ မျိုးချစ်လူထုကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်လူထု၏ ကိုယ်စားလှယ်ဖြစ်ကြောင်း ထပ်မံကြေးနန်းရိုက်လိုက်မှ နယ်ချဲ့တို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်လက်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပင်လုံ သို့မဟုတ် အခြားသင့်လျော်သည့် နေရာဒေသတစ်ခုခုတွင် ကွန်ဖရင့်တစ်ရပ်ကျင်းပကာ တိုင်းရင်းသား အားလုံး၏ဆန္ဒကို စုံစမ်းဦးမည်ဟု နယ်ချဲ့တို့က ဆိုခဲ့သည်။ သို့ဖြစ်၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံဒေသ၌ တိုင်းရင်းသားလူမျိုးများ တွေ့ဆုံကာ လွတ်လပ်ရေးကို ပူးပေါင်းရယူရေးအတွက် တညီတညွတ်တည်း တောင်းဆိုရန် ရောက်ရှိခဲ့ကြသည်။

 

mdn

 

နယ်ချဲ့နှင့် အပေါင်းအပါတို့သည် အစည်းအဝေးကြီးတွင် ပြည်မနှင့်အတူ ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသများကိုပါ လွတ်လပ်ရေးပေးရမည့်အရေး အောင်မြင်သွားမည်ကို များစွာစိုးရွံ့လျက်ရှိရာ ယင်းရည်ရွယ်ချက် ပျက်ပြားစေရန် အစွမ်းကုန် ခြေထိုးနှောင့်ယှက်ခဲ့ကြသည့်အပြင် အထူးသဖြင့် ရှမ်းတိုင်းရင်းသားများကြားတွင် ခပ်သွက်သွက် ခြေထိုးနှောင့်ယှက်ခဲ့ကြသည်။ သို့သော် သွေးစည်းညီညွတ်ပြီးဖြစ်သော ရှမ်းပြည်နယ် ဒေသခံများနှင့် အခြားသော တိုင်းရင်းသားလူမျိုးများကို သွေးခွဲ၍ မရခဲ့ကြပေ။

 

ရှမ်းပြည်နယ်ကောင်စီ ဖွဲ့စည်း

 

နှစ်ရှည်လများနယ်ချဲ့တို့အလိုကျ ဆောင်ရွက်ခဲ့ကြသော ရှမ်းစော်ဘွားတို့သည် လူထုမပါလျှင် မည်သည့်ကိစ္စမျှ အောင်မြင်မည် မဟုတ်သည်ကို နားလည်သဘောပေါက်ကာ ၁၈၉၂ ခုနှစ်မှစ၍ နယ်ချဲ့တို့က ၎င်းတို့အလိုကျ ဖွဲ့စည်းထားသော ရှမ်းပြည်နယ်အတွက် မည်သို့မျှ အကျိုးမပြုသော ပဒေသရာဇ်ကောင်စီကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ဖျက်သိမ်းပြီး ရှမ်းပြည်နယ်ကောင်စီကို ဖွဲ့စည်းလိုက်သည်။

 

ထို့ကြောင့် ဤနေ့သည် ရှမ်းပြည်နယ်စော်ဘွားကြီးများနှင့် လူထုကိုယ်စားလှယ်ခေါင်းဆောင်ကြီးများ ညီညွတ်သောနေ့၊ တိုင်းတစ်ပါးတို့၏ အစီအမံဩဇာအာဏာကို တွန်းလှန်နိုင်သောနေ့၊ ဒီမိုကရေစီ အခွင့်အရေးကို လူထုလက်သို့ စတင်အပ်နှင်းသော နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်နေ့ ဟု ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံညီလာခံ အစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့ကြပေသည်။

 

အဆိုပါ အစည်းအဝေးမှာပင် ရှမ်းအမျိုးသား သီချင်းနှင့် ရှမ်းအမျိုးသားအလံကို သတ်မှတ်ခဲ့ကြသည်။ ပင်လုံညီလာခံတွင် သမိုင်းတွင်မည့် ပင်လုံစာချုပ် လက်မှတ်ထိုးပြီးလျှင်ပြီးချင်း ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်ကြီးများနှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့သည် ရှမ်းအမျိုးသားအလံကို ရှေးဦးစွာ လွှင့်ထူ အလေးပြုခဲ့ကြသည်။ ထိုသို့ သမိုင်းဝင်မော်ကွန်းတွင်ခဲ့သော ရှမ်းပြည်နယ်နေ့သည် ယခု ၂၀၂၃ ခုနှစ်တွင် (၇၆) နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ပေသည်။

 

သမိုင်းမှတ်တိုင်များ

 

ပင်လုံမြေတွင် ညီညွတ်ခဲ့သည့် အစဉ်အလာအတိုင်း ဆက်လက်ကြိုးပမ်းခဲ့ကြသဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပေသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ ကြီးမြတ်သော အောင်ပွဲများကို ရယူနိုင်သည်ဆိုသည်ကို ထိုသမိုင်း မှတ်တိုင်များက ပြဆိုလျက်ရှိသည်။ ထို့ကြောင့် ရှမ်းပြည်နယ်နေ့တွင် ရှမ်းတိုင်းရင်းသားများသည် ရှေးအစဉ်အလာက ညီညွတ်ခဲ့သည့် စည်းလုံးညီညွတ်မှုအစဉ်အလာကြီးကို မပျက်မယွင်းအောင် ထိန်းသိမ်းပြီးနိုင်ငံ၏ အမျိုးသားရေးတာဝန်များကို ဆက်လက် ထမ်းဆောင်သွားကြမည်ဆိုသော သန္နိဋ္ဌာန် ချမှတ်အကောင်အထည်ဖော်သွားရန် လိုအပ်ပေသည်။

 

နယ်မြေကျယ်ပြန့်ပြီး စီးပွားရေးကဏ္ဍစုံသော ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့သည် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ ဖြစ်သော-

 

(၁) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး။

(၂) ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေး ရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရေး။

(၃) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေး အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ် အောင်မြင်စေရေး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တက်ညီလက်ညီ လက်တွဲ ဆောင်ရွက်ရေး။

(၄) ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဆောင်ရွက်ပေးရေး။

(၅) တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး စသည့်ဦးတည်ချက်များ ကို ရှမ်းပြည်နယ်နေ့တွင် ရှမ်းတိုင်းရင်းသား တစ်ရပ်လုံးက ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီး စည်းလုံးညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြခြင်းဖြင့် အမိနိုင်ငံအပေါ် တာဝန်ကျေပွန်နိုင်ကြပါစေဟု တိုက်တွန်း ဆန္ဒပြုအပ်ပါသတည်း။