နေပြည်တော် ၂၀ ဖေဖော်ဝါရီ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ပြုလုပ်သော တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်း ကောက်ယူခြင်းအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက တမူးခရိုင် ခမ်းပါတ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ရွှေပတိခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြရာ တမူးခရိုင်၊ ခမ်းပါတ်မြို့တွင် ချင်းတိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားများ တစ်ဝက်စီနေထိုင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနကကျင်းပသည့် “တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ဆန်းစစ်စီမံခြင်းအစီအစဉ်” ပြုလုပ်ကာ စစ်တမ်းကောက်ယူခြင်းဖြင့် ရရှိလာသည့်အချက်အလက်များအပေါ် အခြေခံ၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်ဟာ ဗျူဟာရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
ထိုသို့ မဟာဗျူဟာရေးဆွဲခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ အားလုံးတန်းတူညီမျှ ရရှိနိုင်သည့် အခွင့်အရေးများ ပေါ်ပေါက်လာမည်ဟုလည်း ယုံကြည်မိပါကြောင်း ပြောကြားသည်။ ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခမ်းပါတ်မြို့အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားသည်။
ထို့နောက် ကလေးမြို့ ချင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ အတွင်းရေးမှူး ဦးလျန်ထောင်းမှ ကျေးဇူးတင်စကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ယုငယ်စိုးက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အကြောင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေအား မိတ်ဆက်ခြင်းအစီအစဉ်တို့ကို လည်းကောင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းအုပ် ဒေါ်စုစုကြည်က လူငယ်ရေးရာမူဝါဒများနှင့် စပ်လျဉ်း၍လည်းကောင်း ပညာပေးရှင်းလင်း ပြောကြားကြသည်။ အခမ်းအနားတွင် ခမ်းပါတ်မြို့မှဒေသခံ တိုင်းရင်းသား ဇို၊ ဖလမ်း၊ ထာဒို၊ လူရှိုင်း၊ ဟားခါး၊ ဗမာ ဒေသခံများ တက်ရောက်ခဲ့ကြပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုတို့ကို ဆန်းစစ်သည့်စစ်တမ်း မေးခွန်းလွှာများ ရှင်းလင်းပြောကြား၍ စစ်တမ်းကောက်ယူသည်။
တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းကောက်ယူခြင်း အစီအစဉ်များအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ကြိမ် ကျင်းပမည်ဖြစ်ပြီး တမူးခရိုင်၊ ခမ်းပတ်မြို့၊ ချင်းမျိုးနွယ်စုများထံ ဒုတိယအကြိမ် ကောက်ယူပြီးစီးပြီဖြစ်ကြောင်းနှင့် လာမည့်မတ်လအတွင်း ကနန်းတိုင်းရင်းသားမျိုးနွယ်စုများထံ ထပ်မံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


