နေပြည်တော် မတ် ၂၈
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုတည်ဆောက်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေရေး ရည်ရွယ်၍ တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု (ဖိုရမ်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းအန်ဒရူးငွန်ကျုံးလျန်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ Facilitator (ကူညီဆောင်ရွက်ပေးသူ) များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုရရှိရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အထောက်အကူပြုစေရေးအတွက် ဆောင်ရွက်သင့်သည့် အချက်များကို သိရှိပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေရန်၊ အနာဂတ်နိုင်ငံတော် အေးချမ်းသာယာစေရန်၊ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်၍ ပြည်ထောင်စု စိတ်ဓာတ်များ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ချက်များဖြင့် ဆွေးနွေးမှု (ဖိုရမ်) ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖိုရမ်ကျင်းပသည့် (၂) ရက်တာကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (Union Peace Dialogue Joint Committee - UPDJC) သုံးပွင့်ဆိုင်မှ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည့် အချက်များ၊ တိုင်းရင်းသားရေးရာနှင့် NCA ဆိုင်ရာ သုံးသပ်ခြင်းများ၊ ဒေသအလိုက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေမည့် ဆောင်ရွက်သင့်သည့် အချက်များ စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် အကျိုးရလဒ်များကို အခြေခံ၍ နိုင်ငံတော်က ချမှတ်ထားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် မိမိတို့အနေဖြင့် ပိုမို၍ပူးပေါင်းဆောင်ရွက်လာနိုင်မည် ဖြစ်သဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ပထမနေ့ နံနက်ပိုင်းဆွေးနွေးမှု အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က UPDJC သုံးပွင့်ဆိုင်မှ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ အပိုင်း(၁) ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားရေးရာနှင့် NCA ဆိုင်ရာသုံးသပ်ခြင်း အပိုင်း (၁)ကို ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းအန်ဒရူးငွန်ကျုံးလျန်က ဒေသအလိုက် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက အုပ်စု (၃) စု ခွဲ၍ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ၏ မြေပြင်အခြေအနေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရေးအတွက် ဖြည့်ဆည်းပံ့ပိုးပေးနိုင်မည့် အခြေအနေများကို ခေါင်းစဉ်များအလိုက် ဆွေးနွေးအကြံပြုကြသည်။
အဆိုပါဖိုရမ်မှ ပညာရှင်များ မျှဝေပေးသော နည်းလမ်းကောင်းများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပြီး ဖိုရမ်ကို မတ် ၂၈ ရက်မှ ၂၉ ရက် အထိ (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


