နေပြည်တော် မတ် ၂၉
တိုင်းရင်းသားစည်းလုံးညီညွတ်မှု¬ပိုမိုတည်ဆောက်ရေးနှင့်ပြည်ထောင်စုစိတ်ဓာတ်ပိုမိုခိုင်မာ လာစေရေးရည်ရွယ်၍ တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု(ဖိုရမ်) ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။
ဖိုရမ်တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ငြိမ်းချမ်းရေးဖြစ်စဉ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူမှု သဟဇာတ ဖြစ်ခြင်း၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ခြင်း၊ နေရပ်ဒေသများသို့ ပြန်လည် ပို့ဆောင်ခြင်း၊ ပြန်လည်နေရာချထားခြင်း၊ ရင်ကြားစေ့ရေး ဆောင်ရွက်ခြင်းတို့ လိုအပ်ပါကြောင်း၊ ယနေ့ခေတ်တွင် အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးတို့ကို ရှေ့တန်းတင်လာကြကြောင်း နိုင်ငံတကာ ဥပမာများနှင့်တကွ ရှင်းလင်းဆွေးနွေးသည်။
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က UPDJC သုံးပွင့်ဆိုင်မှ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများ အပိုင်း(၂) ကို ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး အောင်မြင်မှု ရရှိရန်အတွက် တိုင်းရင်းသားပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တစ်ဆင့်ချင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနသည် အဓိကကျသဖြင့် မိမိတို့တွင်ရှိသည့် အရင်းအမြစ်များကို အပြည့်အဝ အသုံးချ၍ အခွင့်အလမ်းများကို ရယူရန်လိုအပ်ကြောင်း ဆွေးနွေးသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က တိုင်းရင်းသားရေးရာနှင့် NCA ဆိုင်ရာ သုံးသပ်ခြင်းအပိုင်း(၂)ကို ဆွေးနွေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းအန်ဒရူးငွန်ကျုံးလျန်က ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေမည့် ဆောင်ရွက်သင့်သည့် အချက်များကို ဆွေးနွေး၍ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်း စဉ်များ၏ မြေပြင်အခြေအနေခေါင်းစဉ်ဖြင့် အုပ်စု (၃)စုခွဲ၍ ဆွေးနွေးအကြံပြုခဲ့ကြပြီး အမေး အဖြေကဏ္ဍကို ဆက်လက်ပြုလုပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယခုကျင်းပသည့်ဖိုရမ်သည် ဝန်ကြီးဌာနက မျှော်မှန်းထားသည်ထက် ပိုမိုသည့် အတွေ့အကြုံများရရှိပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ အရွေ့တစ်ခုဖြစ်ရန် စတင်သည့် ခြေလှမ်းပင်ဖြစ်ပါကြောင်း၊ Guest Speakers များအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားစာပေသင် ဆရာ/ ဆရာမများ Language Teacher (LT)/ Teacher Assistant(TA) များ၏လစာကိစ္စများ အခက်အခဲရှိနေမှုကို တင်ပြမှုအပေါ် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)


