နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NGO အဖွဲ့များနှင့် နိုင်ငံရေးပါတီများ မှကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိမာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုတို့ကို သွားရောက်လေ့လာ ကြည်ညိုကြသည်။

ရှေးဉီးစွာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NGOအဖွဲ့များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါဝင်သော လေ့လာရေးအဖွဲ့အား ရှင်းလင်းဆောင်၌ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး တာဝန်ခံ ဗိုလ်မှူးချုပ် ဇော်နိုင်ဉီး က ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ နိုင်ငံတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၏ ဩဝါဒါခံယူ၍ရုပ်ပွားတော်မြတ်ကြီးထွင်းထု ဆောင်ရွက်နေမှု၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်များအားအပိုင်းအလိုက် စကျင်တောင်မှ နေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံပါဠိ တော်အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍  ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးပူဇော်မည့် အခြေအနေ၊ ပလ္လင်တော်များ အား ခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်နေမှု၊ ဆင်းတုတော်ကြီးတည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများအဆင် ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက်များ၊ သုဓမ္မာဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကိုရတနာပုံခေတ် မြန်မာ့အနုပညာလက်ရာစုံလင်စွာဖြင့် ထည့်သွင်းဆောင် ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် လေ့လာရေးအဖွဲ့သည် ရုပ်ပွားတော်မြတ်ကြီးပုံစံငယ်များ၊ ကျောက်စာနမူနာများနှင့် ပိဋကတ်ကျောက်စာရုံ ပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ပုံစံအတိုင်း ပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များကို ကြည့်ရှုလေ့လာကြပြီး ပလ္လင်တော်များ နေရာချထားမှုနှင့် ခေတ်မီစက်များဖြင့် ထုဆစ်နေမှုတို့ကို မော်တော်ယာဉ်ငယ်များဖြင့် လှည့်လည်လေ့လာကြည်ညိုကြသည်။

အလားတူ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် ၎င်းတို့၏ ဇနီးများသည်လည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများကို လာရောက်လေ့လာကြည့်ရှုကြရာ ရှင်းလင်းဆောင်၌ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း က ရုပ်ပွားတော် ထုဆစ်ရန် စကျင်ကျောက်တုံးတော်များအား အပိုင်းလိုက် အဆင့်ဆင့်သယ်ဆောင်ခဲ့ရမှု၊ ပလ္လင်တော်များ နေရာချထားမှု နှင့် ဗုဒ္ဓရုပ်ပွားတော်အား ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပုံဖော်ထုဆစ်နေမှု တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ထည့်သွင်းတည်ဆောက်သွားမည့် သာသနိကအဆောက်အဉီပုံစံငယ်များကို လေ့လာကြည့်ရှုကြပြီး မော်တော်ယာဉ်ငယ်များဖြင့် ပလ္လင်တော်များနေရာချထားမှုနှင့် ခေတ်မီ စက်များဖြင့် ထုဆစ်နေမှုများကို လှည့်လည်လေ့လာကြည်ညိုကြသည်။

သတင်းစဉ်