နေပြည်တော်၊ ၈ ဇန်နဝါရီ
တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွင် ဖော်ဆောင်မည့် စီမံကိန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဒုတိယဝန်ကြီး ဦးလှမော်ဦး တို့က အမှာစကား ပြောကြား ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာဦးစီးဌာန တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများတွင် ဖော်ဆောင်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ မဆုံးရှုံးစေရေး၊ ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် ဥပဒေကြောင်းအရ အလေးထားဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အဆင်ပြေချောမွေ့ စေရေး ကိစ္စရပ်များ၊ လုပ်ငန်းကြန့်ကြာမှု မရှိစေရေးဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိုင်းရင်းသား လူမျိုးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝသယံဇာတ ထုတ်ယူ သုံးစွဲခြင်းလုပ်ငန်းများ၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားသော ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
စီမံကိန်း၏ အကျိုးအပြစ်နှင့် အကြောင်းအရာများကို စီမံကိန်းအကောင်အထည်ဖော်မည့်ဒေသရှိ အခြေချ နေထိုင်သူ ဒေသခံတိုင်းရင်းသားများ သိရှိနားလည်စေရန် ၎င်းတို့ နားလည်သဘောပေါက်နိုင်မည့် ဘာသာ စကားနှင့် နည်းလမ်းများကို အသုံးပြုလျက် ရှင်းလင်း ချပြပေးသွားမည်ဖြစ်သည်။ အလားတူ အဆိုပါ ဒေသများရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီး ပွားဘဝတို့အပေါ် ထိခိုက်ပြောင်းလဲမှု ဖြစ်ပေါ်စေနိုင်ခြင်း ရှိ/မရှိ သိရှိနိုင်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်းတို့ကို သက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ ဖြစ်သည့် စီမံကိန်းဦးစီးဌာနက စီမံကိန်းလုပ်ငန်း(၃)ခု၊ စိုက်ပျိုးရေးဦးစီးဌာနက စီမံကိန်းလုပ်ငန်း (၇)ခု၊ စက်မှုလယ်ယာဦးစီးဌာနက စီမံကိန်းလုပ်ငန်း(၈)ခု၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စီမံကိန်းလုပ်ငန်း(၂၅)ခု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက စီမံကိန်း လုပ်ငန်း(၁)ခုနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က စီမံကိန်းလုပ်ငန်း(၄) ခု၊ စုစုပေါင်း စီမံကိန်းလုပ်ငန်း (၄၈)ခုကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန နှင့် ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ဒေသများနှင့် နှီးနွယ်ဆက်စပ်မှုရှိသည့် ဒေသများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


