နေပြည်တော် နိုဝင်ဘာ ၁၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အလိုက် တိုင်းရင်းသား ရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး တတိယအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမ များ ခန့်ထားရေးနှင့် တွေ့ကြုံရသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီး ဌာနတာဝန်ရှိသူများနှင့် အောက်တိုဘာ ၂၇ ရက်တွင် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ရွေးချယ်ခန့်ထားရေးဆိုင်ရာမူ (SoP) စံပြုလုပ်ထုံးလုပ်နည်း များကိုပြန်လည်ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြ ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ၊ ဆန်းစစ်ခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် ရန်ပုံငွေကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များသို့ တင်ပြဆောင်ရွက်စေလိုကြောင်း။
ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်းများရှိ တိုင်းရင်းသားများနှင့် ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေ လျာထားနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများ အနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသအတွင်း ဖော်ဆောင်မည့်စီမံကိန်းများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ရန်လို ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရက ခွင့်ပြုသည့်ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် အသုံးပြုရန်လျှောက်ထားလာသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးများက ကွင်းဆင်းစိစစ် ရန်လိုကြောင်း၊ မကြာမီကာလတွင် တိုင်းရင်းသားဘာသာ စာပေသင် Teaching Assistant(TA)နှင့် Language Teacher(LT)ဆရာ/ဆရာမများ ရွေးချယ်ခန့်ထားရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့် အစည်းအဝေးကို ကျင်းပဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က အမှာစကား ပြောကြားသည်။
ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများက တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)