နေပြည်တော်၊ ဇန်နဝါရီ ၂၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၁/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ သင်တန်းသား၊ သင်တန်းသူများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းမှ ကမ္ဘာ့အကြောင်း၊ မြန်မာ့အကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ၊ မူဝါဒဆိုင်ရာများ၊ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သည့် သဘောတရားများကို စနစ်တကျကောင်းမွန်စွာ လေ့လာသိရှိနိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်တွင် ထိရောက်မှန်ကန်စွာ အသုံးချဆောင်ရွက်နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင်ပေးရန်လိုအပ်ပြီး မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်ကို ကောင်းစွာ သိရှိနားလည်ပြီး မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ကြရန် အထူးတိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် အရည်အချင်း ပြည့်ဝသော၊ တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ စွမ်းဆောင်ရည်ရှိသော၊ ပြည်သူ့ဘဏ္ဍာငွေ အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သော၊ ပြည်သူများ၏ အကျိုးစီးပွားကို ထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုကောင်းနှင့် ရလဒ်ကောင်းများ ပေးနိုင်သော အရာထမ်းကောင်းများ ဖြစ်နိုင်ရေး ရာနှုန်းပြည့် အထောက်အကူဖြစ်ပါစေကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးကအမှာစကားပြောကြားသည်။
သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ရက်သတ္တ (၂) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


