နေပြည်တော် ၃၀ မေ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ရုံးအဆောက်အအုံ ဆောက်လုပ်ရန်အတွက် ပန္နက်တော်တင်ခြင်းနှင့် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် အကွက်အမှတ်၇/၆ရှိ ရုံးအဆောက်အအုံဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ ရုံးအဆောက်အအုံ ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအယ်လ်တူးမိန်းဂေါင်က ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း ၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း တို့က သတ်မှတ်ပန္နက်တော်နေရာအသီးသီး၌ ပန္နက်တော်တင် တွင်းတော်ဝန်းပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် “တိုင်းရင်းသားလူမျိုးများစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဖိုရမ်” ဆွေးနွေးကျင်းပခြင်း၊ တိုင်းပြည်၏စီးပွားရေးကိုအထောက်အကူပြုစေမည့် “မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း” ဖွဲ့စည်းတည်ထောင်ခြင်း၊ တိုင်းရင်းသားပညာရေးကဏ္ဍမြင့်မားတိုးတက်စေရန်အတွက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားစာပေသင်ကြားရေး အထောက်အကူပြုနေ့စားလပေးများခန့်ထားခြင်း၊ အဆိုပါဆရာ/ဆရာမများမှဘွဲ့ရ ဆရာ/ဆရာမများကို ပညာရေးကောလိပ်တက်ရောက်စေပြီး မူလတန်းပြဆရာ/ဆရာမများအဖြစ် ဆက်လက်ခန့်ထားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားအခွင့် အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာအခြေခံအချက်များ ကောက်ယူခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စစ်တမ်းကောက်ယူမှုများအရ “မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ ၂၀၁၉-၂၀၂၈” ကို ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)