တောင်ကြီး မေ ၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့၊ ကံကြီးရပ်ကွက်ရှိ တောင်ကြီး- ဟိုပုံး ကားလမ်းမဘေးရှိ အဆိုပါ အဆောက်အအုံတွင် ကျင်းပသည်။
အစီအစဉ် ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်း နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ရုံးအဆောက်အအုံသစ်ဆိုင်းဘုတ်ကို အမွှေးနံ့ သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရှမ်းပြည်နယ်သည် ဧရိယာကြီးမားကျယ်ပြန့်ပြီး ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် လူဦးရေ (၅၈) သိန်းကျော် ပျံ့နှံ့ နေထိုင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ သမိုင်းကြောင်းစသည့် အရင်းအမြစ်များနှင့် ကျောက်မျက်ရတနာ၊ သတ္တုစသည့် သဘာဝ အရင်းအမြစ်များ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာ၊ ရိုးရာအစား အစာချက်ပြုတ်နည်းများ၊ ရိုးရာပွဲတော်၊ ရိုးရာ အားကစား၊ တိုင်းရင်းသားဆေးပညာများ၊ ရိုးရာလက်မှုပညာစသည့် ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များမှာလည်း မိမိတို့တိုင်းရင်းသားများ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြ၍ ယနေ့အချိန်အထိ ဆက်လက်ရှင်သန်နေခြင်း ဖြစ်ပါကြောင်း၊ ထိုအမွေ အနှစ်များကို သားစဉ်မြေးဆက် ဆက်လက် တည်တံ့နေစေရေး ထိန်းသိမ်းစောင့်ရှောက်ရ မည်မှာ မိမိတို့အားလုံး၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ငြိမ်းချမ်းရေးသမိုင်းတွင် တစ်ခါမျှ မရှိဖူးသည့် လိုက်လျောကမ်းလှမ်းချက် (၂)ခု ဖြစ်သည့် တစ်ဖက်သတ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြိုတင်ကန့်သန့်ချက်မထားသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ဖိတ်ကြားထားကာ နိုင်ငံတော်က ငြိမ်းချမ်းရေး အတွက် အထူးအလေးပေး ဆောင်ရွက်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်း သားများအားလုံး တက်ညီလက်ညီဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်သစ်ကြီးကို ကြိုးပမ်းထူထောင်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မုဒိတာဝမ်းမြောက် စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဧည့်သည်တော်များကို ရုံးဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်သည်။ ဆက်လက်၍ ကောင်းထက်ထွန်းကုမ္ပဏီ လိမိတက်က ရုံးအဆောက်အအုံသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တိုင်းရင်း သား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေး ကိုထံ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုးနှင့် အင်းသား တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဆုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)