နေပြည်တော် မတ် ၃၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်း အခမ်းအနားကို ယမန်နေ့  နံနက်ပိုင်းက  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က ကွန်ပျူတာနည်းပညာနှင့်ဆက်စပ်၍ Artificial Intelligence (AI), Blockchain, Cloud Computing, Data စသည်ဖြင့်  ဆန်းသစ်နေသော ပညာရပ်များကို ဆက်လက်လေ့လာ သွားရန်နှင့် အစဉ်တစိုက်လေ့လာ ဆောင်ရွက်ခြင်းသည် Lifelong Learning ပင် ဖြစ်ကြောင်း၊ သင်ကြားပေးမှုများအပေါ် အခြေခံ၍ ဆက်လက်လေ့လာ သင်ယူလေ့ကျင့်မှုများ လုပ်ဆောင် သွားကြမည်ဆိုပါက  ပိုမို၍စွမ်းရည်ပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ် လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်းပေးအပ်ပြီး သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူကို ဆု ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်က ဒုတိယဆုရရှိသည့် သင်တန်းသားကို လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က  တတိယဆုရရှိသည့် သင်တန်းသူကို လည်းကောင်း ဆုများချီးမြှင့်ပေးအပ်ကြပြီး အခမ်းအနား ရုတ်သိမ်းလိုက်သည်။ 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရှိ ကွန်ပျူတာသင်တန်းခန်းမသို့ ရောက်ရှိပြီး  သင်တန်းဆင်း  သင်တန်းသား၊ သင်တန်းသူများ၏ လက်တွေ့ကွန်ပျူတာအသုံးပြုနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်