နေပြည်တော် ဇန်နဝါရီ ၂၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကို အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် မသိမဖြစ်သိရှိရမည့် ဥပဒေ၊ နည်းဥပဒေများကို လေ့လာမှတ်သားရမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနက ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများအပြင် ဆက်စပ်ဆောင်ရွက်ရသည့် အခြားသောဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေများကိုလည်း သိရှိလေ့လာ ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းများကို စည်းမျဉ်း စည်းကမ်းများနှင့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန်၊ ပွင့်လင်းမြင်သာမှုရှိရန်၊ ရာထူး၊ နေရာအလိုက် စီမံခန့်ခွဲတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် လိုအပ်ကြောင်း၊ ယနေ့ဆွေးနွေးချက်များကို သေချာစွာလေ့လာမှတ်သားပြီး လုပ်ငန်းတာဝန်နှင့် ဘဝအတွက်လိုအပ်သည့် ပညာရပ်များကို ဆက်လက် လေ့လာသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး လက်ထောက်အတွင်းဝန် ဦးကီးလိန်းက “၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ” ကိုလည်းကောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်တင်တင်နွယ်က “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် တိုင်းရင်းသားရေးရာဆိုင်ရာ ပြဋ္ဌာန်းချက် များ”ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသန်းက “တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါအခွင့်အရေး များနှင့် နည်းဥပဒေများ” ကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


