ရန်ကုန် အောက်တိုဘာ ၃၁

တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုး တိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်ကျင်းပသည့် အသုံးချ ကွန်ပျူတာအဆင့်မြင့်သင်တန်းဖွင့်ပွဲ၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အအေးမျိုးစုံထုတ်လုပ်မှု သင်တန်းဖွင့်ပွဲနှင့် အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်းဆင်း လက်မှတ် ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားသည်။ အဆိုပါ အခမ်းအနားကို ယမန်နေ့၊ နံနက် ၈နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားပြောကြားကြသည်။ 
    
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်း (၁/၂၀၂၂)တွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု ရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် ကွန်ပျူတာသင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်