နေပြည်တော် ၁၄ ဖေဖော်ဝါရီ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုး ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

 

ထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ (၁၂) လရာသီများ၌ တပို့တွဲလသည် အအေးဓာတ် အမြင့်ဆုံးကာလဖြစ်ပြီး အသားအရေ ဆီဓာတ်ခန်းခြောက်ချိန်ဖြစ်ကာ  ဆီနိုင်သော အပူဓာတ်စာ ထမနဲကို စားသုံးရန်လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအနှံ့အပြားတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည်လည်း မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ကျင်းပခြင်းဖြစ်ပါကြောင်း ထမနဲတွင်ပါဝင်သည့် ကောက်ညှင်း၊ ဆီ၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည့် အမယ်များဖြင့် လူများက စုပေါင်းဆောင်ရွက်မှသာ အရသာ ကောင်းမွန်သည့် ထမနဲ ရရှိနိုင်မည်ဖြစ်သလို မြန်မာနိုင်ငံတွင် နေထိုင်သည့် တိုင်းရင်းသားများ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်ပါက မိမိတို့ မျှော်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု  ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာသူများက ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲများကို အကဲဖြတ်အဖွဲ့ဒိုင်များက စစ်ဆေးအမှတ်ပေးပြီး ဆုပေးပွဲအား ဆက်လက်ကျင်းပရာ ပထမဆုရရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် တတိယဆုရရှိသော တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ထမနဲထိုးအဖွဲ့များအား ပြည်ထောင်စုဝန်ကြီးက ဆုများချီးမြှင့် ပေးအပ်သည်။

 

ယနေ့ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ ၂၀၂၀ ပြည့်နှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် တတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်