တိုင်းရင်းသားများ စည်းလုံးအားဖြင့်လက်တွဲမပျက် ရှေ့သို့ဆက်

 

 

မည်သည့် နိုင်ငံတွင်မှ လူမျိုးတစ်မျိုးတည်းမရှိ။ အမျိုးဘာသာသာသနာတို့သည်လည်း ရောနှောပျံ့နှံ့လျက် ရှိကြမြဲပင်ဖြစ်သည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရားနှင့် ပြောဆိုသည့် ဘာသာစကားတို့ကို အလေးထားအပ်သော်လည်း အရေးကြီးဆုံးမှာ အေးအတူပူအမျှ၊ ကောင်းတူ ဆိုးဖက်ပူးပေါင်းနေထိုင်လိုသော အစဉ်အလာဆန္ဒနှင့်ဝံသာနု ရက္ခိတခေါ် အမျိုးစောင့်တရားပင်ဖြစ်သည်။ “လူမျိုးဆိုသည်မှာ သုခဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်လေသည်။” ဟူ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ဆိုခဲ့သည်။

 

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့ အပါအဝင် လူမျိုး ၁၃၅ မျိုး စုပေါင်းနေထိုင်ကြသည်။ လူမျိုးကြီး၊ လူမျိုးငယ်ဟူ၍ မည်သည့်အခါကမျှ ခွဲခြားသတ်မှတ်ထားခြင်းမရှိ။ တိုင်းရင်းသားလူမျိုးများအားလုံး မွေးရာပါနိုင်ငံသားများအဖြစ် အခွင့်အရေး၊ အဆင့်အတန်းတို့ တန်းတူရည်တူရှိကြသည်။ မျိုးနွယ်ကိုအကြောင်းပြု၍လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကို အကြောင်းပြု၍ လည်းကောင်း မုန်းတီးမှု၊ ရန်မီးပွားမှု၊ ဆန့်ကျင်တိုက်ခိုက်မှုတို့လည်း မရှိခဲ့။ သို့ရာတွင် အတိတ်သမိုင်း တစ်လျှောက်တွင်လည်းကောင်း၊ မျက်မှောက်ကာလတွင်လည်းကောင်း လူမျိုးတစ်မျိုးနှင့်တစ်မျိုးကြား အမုန်းတရားတို့ မရှိခဲ့ပါလျက်နှင့် ပြည်ထောင်စုနိုင်ငံတစ်ခု၏ မရှိမဖြစ်သော စည်းလုံးညီညွှတ်မှုကို အပြည့်အဝ တည်ဆောက်၍ မရနိုင်သေး။

 

တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိမဖြစ်လိုအပ်မှန်း သိပါလျက်နှင့် မစည်းလုံးနိုင်သေးသည်မှာ “သံသယ” က အဓိကဖြစ်သည်။ ကိုလိုနီခေတ်၏ အမွေဆိုးဖြစ်သည့် ကင်ဆာသဖွယ် ဟောင်းနွမ်းဆွေးမြည့်နေသည့် အမြစ်စွဲနာဖြစ်သော သံသယကို အပြီးတိုင်ပယ်ရှား၍ ပကတိစည်းလုံး ညီညွတ်မှုကို တည်ဆောက်ပြီး ကြီးမားကျယ်ပြန့်လှသည့် နိုင်ငံ့တာဝန်များကို ဦးထမ်းပဲ့ထမ်းဝိုင်းဝန်း ထမ်းဆောင်ကာခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်သည်ကို မြင်လိုကြသည်မှာ နိုင်ငံသူ၊ နိုင်ငံသား၊ ပြည်ထောင်စုသားအားလုံး၏ တူညီသော ဆန္ဒပင် ဖြစ်သည်။

 

လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကျင်းပတော့မည်ဖြစ်သည်။ ကျင်းပခဲ့သမျှသော ပြည်ထောင်စုနေ့များအားလုံးသည် တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးရယူနိုင်ခဲ့ခြင်းကို အမှတ်ရစေပြီး ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုတို့ လိုအပ်ကြောင်းကို သတိပေးနှိုးဆော်ခြင်းပင်ဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူလူထု၏ ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ ခိုင်မာမှုကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဆက်လက် တည်တံ့နေစေကာမူ လုံးဝဥဿုံ ပြည့်စုံသော စည်းလုံးညီညွတ်သည့်အဖြစ်သို့ ရောက်ရှိမလာသေးသည့်အတွက် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျနေရသည်။ နိုင်ငံနိမ့်ကျသည့်အခါ နိုင်ငံ သား၊ ပြည်ထောင်စုသားတို့လည်း မမြင့်မားနိုင်ဘဲ နိမ့်ကျစွာသာ ရှင်သန်ကြရသည်။

 

နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီး တည်ဆောက်နိုင်ရေးတို့အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသူ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး၏ တစ်စည်းတစ်လုံးတည်းသော အားမာန်ဖြင့် တက်ညီလက်ညီ တည်ဆောက်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း