နေပြည်တော် ၂၀ ဇန်နဝါရီ

 

မြန်မာနိုင်ငံသည် ရှေးပဝေသဏီကာလကတည်းကပင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ရှေးအစဉ်အဆက် ပြည်ပကျူးကျော်ရန်ကို စုပေါင်းလက်တွဲ ကာကွယ်ခဲ့ကြပြီး နယ်ချဲ့ဆန့်ကျင်ရေးကာလမှ လွတ်လပ်ရေးရသည့် ကာလအထိ လွတ်လပ်သောနိုင်ငံ ပေါ်ထွန်းရေးအတွက် ပြည်ထောင်စုသားများ လက်တွဲ ပူးပေါင်းဆောင်ရွက်ခဲ့သော သမိုင်းကြောင်း အစဉ်အလာရှိခဲ့သည်။

 

 

လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်မူ တိုင်းရင်းသားညီအစ်ကို မောင်နှမများကြားတွင် သံသယများ၊ အယူအဆ ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ပဋိပက္ခများ ဖြစ်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ အမှန်တကယ်တွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ စိတ်ရင်းမှာ တစ်သွေးတည်း၊ တစ်သားတည်း ချစ်ချစ်ခင်ခင် နေထိုင်လိုရင်းဖြစ်သော်လည်း အချို့သော သွေးခွဲသူများကြောင့် သွေးမကွဲသင့်ဘဲ သွေးကွဲရသည့် အဖြစ်များနှင့် ကြုံခဲ့ရသည်။

 

 

ဤကမ္ဘာပေါ်ရှိ ပြည်ထောင်စု နိုင်ငံများကို ကြည့်မည်ဆိုလျှင် လူမျိုးစုများစွာ ပေါင်းစည်း နေထိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ စည်းလုံးညီညွတ်သော ပြည်ထောင်စုနိုင်ငံများမှာ အင်အား တောင့်တင်းခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

 

စည်းလုံးညီညွတ် မှုပျက်ပြားပြီး ပြည်ထောင်စု ပြိုကွဲသွားသောအခါ အင်အားနည်းသော နိုင်ငံငယ်ဘဝနှင့် အင်အားတောင့်တင်းသော နိုင်ငံဘဝကို ပြန်လည်ရောက် ရှိရန် မလွယ်ကူတော့ချေ။ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံအဖြစ် ဖြစ်တည်နေသော်လည်း တစ်ပြည်ထောင်အတွင်း မညီညွတ်ခြင်း အကျိုးဆက်အဖြစ် ပဋိပက္ခများ ဖြစ်ပွားနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ပြည်ထောင်စု မပြိုကွဲရေးအတွက် ပြည်ထောင်စုကို ချစ်မြတ်နိုးသော ပြည်ထောင်စုသားများက နိုင်ငံတော်ကို ညီညီညွတ်ညွတ် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ် စောင့်ရှောက်နေသောကြောင့် ပြည်ထောင်စု နိုင်ငံတော်ကြီးအဖြစ် ယနေ့ထက်တိုင် တည်တံ့ ခိုင်မြဲနေခြင်း ဖြစ်သည်။

 

 

သို့သော် နှစ်ပေါင်းရှည်ကြာ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခအမျိုးမျိုးတို့ကို ဖြေရှင်းနေရသောကြောင့် ပြည်ထောင်စု နိုင်ငံကြီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ပြည်ထောင်စုသားများအတွက် အကျိုးစီးပွား ဖွံ့ဖြိုးရေးကိစ္စများတွင် အခြားနိုင်ငံများထက် နောက်ကျကျန်ခဲ့သည်။ ပြည်ထောင်စု သားအားလုံး လူတစ်လုံးသူတစ်လုံးဖြစ်အောင် ရုန်းကန်နေရသည်။ မပြေလည်သော ဘဝမှ ပြေလည်သော ဘဝသို့ရောက်ရှိရေး၊ မဖွံ့ဖြိုးသောဘဝမှ ဖွံ့ဖြိုးသောဘဝသို့ ရောက်ရှိရေး၊ မငြိမ်းချမ်းသောဘဝမှ ငြိမ်းချမ်းသော ဘဝသို့ရောက်ရှိရေးအတွက် ဦးစွာ တစ်ဦးအပေါ် တစ်ဦးထားရှိသည့် သံသယများကို ဖျောက်ကြရမည်ဖြစ်သည်။ ယုံကြည်မှုကို တည်ဆောက် ကြရမည်ဖြစ်သည်။

 

 

အမှန်တကယ်တွင် အယူအဆ၊ အစွဲအလမ်းများကို ပြေပျောက်အောင် ပြုလုပ်ရသည်မှာ ခက်ခဲလှသည်။ မိမိလူမျိုးတစ်မျိုးတည်းကိုသာ မကြည့်ဘဲ တိုင်းရင်းသား အားလုံးတို့သည် ညီအစ်ကို မောင်နှမများဖြစ်သည်ဟူသည့် အသိဖြင့် တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီ နားလည် စာနာရမည်ဖြစ်သည်။ မရှိအတူ ရှိအတူ တန်းတူညီမျှ အတူတကွ နေထိုင်ကြရမည်ဖြစ်သည်။ ယင်းသို့ ရှည်ကြာလွှမ်းခြုံ တည်ဆောက်နိုင်မှသာ သံသယများ ပျောက်၍ ယုံကြည်မှုများ တည်ဆောက်နိုင်မည် ဖြစ်သည်။

 

 

တိုင်းရင်းသားလူမျိုးများမှာ နယ်စပ်ဒေသများနှင့် တောင်ပေါ်ဒေသများတွင် အနေများသဖြင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးမှာ အရေးကြီးပါသည်။ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနှင့်အညီ နေထိုင်ရန် လိုအပ်ပါသည်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ပါသည်။  ထို့အပြင် တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမှသာ တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာဝပြောလာမည် ဖြစ်ပါသည်။

 

 

သို့ဖြစ်ရာ ပြည်ထောင်စုနိုင်ငံတော်ကြီး ထာဝစဉ်အဓွန့်ရှည် တည်တံ့ခိုင်မြဲစွာဖြင့် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်ရေးအတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

 

 

(ကြေးမုံ)