၈ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ် ရှေးဟောင်းသမိုင်းဝင်ပေါ်ကြိုမြတ်ဘုရားကြီး သမိုင်းကြောင်းကို ပိုမိုတိကျခိုင်မာရေးအတွက် ပေါ်ကြိုဘုရားကြီး ဂေါပကအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိရာ ဂေါပကအဖွဲ့၏တာဝန်ပေးချက်အရ စာရေးသူသည် ကျောက်မဲနှင့်နောင်ချိုမြို့အကြားရှိ စခန်းသာရွာ စေတီယဂီရိတောင်ထိပ်၌ တည်ထားကိုးကွယ်ခဲ့သော ကြေးစေတီတော်မြတ်ကြီးမူလတည်ထားသောနေရာ၊ ထို့အပြင် ယခုပေါ်ကြိုဘုရားကြီးမုခ်လေးမုခ်တွင် ဘုရားကြီးအား မျက်နှာမူစောင့်ရှောက်နေသော ဘီလူးရုပ်တု ငါးရုပ်၊ (ယခင်က စခန်းသာကြေးစေတီတော်တွင် စောင့်ရှောက်ခဲ့သော) မူလနေရာများမှာတောတောင်ထူထပ်ပြီး သစ်ပင်ခြုံနွယ်များဖုံးအုပ်လျက်ရှိသဖြင့် ရှာဖွေမှန်းဆမရနိုင်ဘဲ ယခုကြေးစေတီတော်မြတ်ကို ကိုးကွယ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော ရှေ့မီနောက်မီပုဂ္ဂိုလ်ကျော် သီပေါမဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်အရှင်ပညာသီရိထံ သိရှိလိုသည်များကို မေးမြန်းလျှောက်ထားခဲ့သဖြင့် ဆရာတော်၏မှတ်တမ်းမှတ်ရာများဖြင့် ယခုကဲ့သို့ ကြေးစေတီတော်ကြီး၏သမိုင်းကို ပြည့်စုံစွာ ရေးသားနိုင်ခြင်းဖြစ်သည်။
သီပေါအုန်းဘောင်လေးမြို့နယ် စော်ဘွားကြီးဆာစောချယ်သည် ၁၂၈၆ ခုနှစ် တန်ခူးလတွင် စခန်းသာဒေသရှိ စေတီဂီရိတောင်ထိပ် ယခင်တည်ထားသောဝါဋုကရှေးဟောင်းစေတီကို ငုံ၍ ရှစ်ထောင့်ကြေးစေတီတော်ကြီး တည်ဆောက်လှူဒါန်းလိုသဖြင့် သီပေါ၊သုံးဆယ်၊ မိုင်းတုံ၊ မိုင်းလုံလေးမြို့နယ်မှ နယ်သူနယ်သားများကို အလှူရှင်များအဖြစ်ပါဝင်စေပြီး ကြေးပိဿာချိန် ၂၄၃၅ပိဿာလှူဒါန်း ရရှိခဲ့ပေသည်။
စေတီတော်ကြီး သွန်းလုပ်ရန် မန္တလေးတောင်ရသေ့ကြီး ဦးခန္တီထံအပ်နှံပြီး မန္တလေးတောင်ပြင်တမ္မဝတီမှ ပန်းတဉ်းဆရာများကို သွန်းလုပ်စေသည်။ ထိုအချိန်တွင်စော်ဘွားကြီး ကွယ်လွန်သွားသဖြင့် သားတော် စောအုံကြာ(M.A)က ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
စေတီတော်သည် ဝန်အလေးချိန်အလွန်များသဖြင့်သယ်ဆောင်ရလွယ်ကူစေရန် တစ်ဆင့်ပြီးတစ်ဆင့်အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ရပေသည်။ ပထမ ပစ္စယံကြေးပိဿာချိန် ၂၃၈၃ ပိဿာ၊ ဒုတိယ ၇၁၀ ပိဿာ၊သပိတ်မှောက်ကြေးချိန် ၆၂၄ ပိဿာ၊ ငှက်ပျောဖူးကြေးချိန်၃၄၈ ပိဿာ၊ အပေါက်အပဲ့ပါသောကြေးချိန် ၄၅ ပိဿာ၊ကြေးချောင်းမှိုချိန် ၅၁ ပိဿာ၊ အရောင်ထွက်ရန်စပ်သောသွပ်ချိန် ၁၉၂၄ ပိဿာ၊ စုစုပေါင်းကြေးချိန် ၆၁၀၃ ပိဿာရှိကြောင်း သိရသည်။ စေတီတော်တင်ရာပန်းတင်ခုံ (ခေါ်)ဖိနပ်တော်မှာ ကျောက်မြစ်ချ၍ ဝါဋုကစေတီတော်ဟောင်းကို အတွင်းထားပြီး ခွင်ကျအောင် သီပေါမြို့အင်ဂျင်နီယာအမတ် ဦးသူတော်ကို တာဝန်ပေးဦးစီး ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ကြေးသွန်းပုံများ အဆင့်ဆင့်ပြီးစီး၍ မန္တလေးမြို့မှစခန်းသာဒေသအထိ စေတီတော်ကို ရထားဖြင့်ပင့်ဆောင်ပြီး စေတီယဂီရိတောင်ထိပ်ရှိအသင့်ပြုလုပ်ပြီး ဖိနပ်တော်၊ ပန်းတင်ခုံသို့ ဝါဋုကစေတီဟောင်းကို ငုံ၍ အဆင့်ဆင့်တည်ထားခဲ့ပေသည်။
သက္ကရာဇ် ၁၂၉၆ ခု ကဆုန်လဆန်း ၁၄ ရက်တွင် ယန္တရားစက်ကြိုးနှင့် ထီးတော်တင်လှူခဲ့ပြီး ၁၂၉၆ ခု ကဆုန်လဆန်း၁၅ ရက် လပြည့်နေ့တွင် ဆရာတော်၊ သံဃာတော်များနှင့်အနေကဇာတင်လှူပူဇော်ကာ စေတီတော်ကြီးကို “ဝိဇယ မာန်အောင်ကြေးစေတီ” ဟု ဘွဲ့တော်သမုတ်ဆက်ကပ်ခဲ့ပေသည်။
အဆိုပါ ဝိဇယမာန်အောင်ကြေးစေတီတော်မြတ်ကြီးသည် ရောင်ခြည်တော်ကွန့်မြူးလျက်ရှိသော်လည်း အချိန်ကာလကြာမြင့်သည့်အလျောက် စေတီယဂီရိတောင်သည် တောခေါင်၍ စောင့်ရှောက်သူကင်းဝေးလာသဖြင့် စခန်းသာပြောင်ခေါင်းတိုင်ပိန္နဲကုန်းကျောင်းတိုက် ရွာဦးကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တဝိမလအရှင်သူမြတ်က သီပေါလေးမြို့ဂိုဏ်းချုပ်ဆရာတော်အမှူးရှိသော ဆရာတော်၊ သံဃာတော်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်ပင်လျက် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး ပရိဝုဏ်တနင်္ဂနွေထောင့်သို့ ၁၃၃၁ ခု တပို့တွဲလပြည့်ကျော် ၈ ရက်တွင် ပင့်ဆောင်ခဲ့ပေသည်။
ထိုသို့ပင့်ဆောင်ပြီးနောက် ၁၃၃၃ ခု နတ်တော်လဆန်း ၁၄ ရက် (၁-၁၂-၁၉၇၁) ဗုဒ္ဓဟူးနေ့တွင် ပန္နက်တင်အုတ်မြစ်ချ မင်္ဂလာဆင်ယင်ကျင်းပခဲ့ပြီး ၁၃၃၅ ခုကဆုန်လဆန်း ၁၄ ရက် (၁၅-၅-၁၉၇၃)အင်္ဂါနေ့မွန်းတည့် ၁၂ နာရီတွင် ထီးတော်နှင့် ဘော်သား၊ ဟင်္သာ၊စိန်ပန်းခိုင်၊ ငှက်မြတ်နား၊ ရတနာစီခြယ်သော စိန်ဖူးတော်တို့ကို တင်လှူပူဇော်ခဲ့ပေသည်။
ယခုလက်ရှိ ဖူးမြော်ရသော ကြေးစေတီတော်မှာယခင်ထီးတည်းဖြစ်နေသော ကြေးစေတီတော်ကို အခြံအရံဂြိုဟ်တိုင်ရှစ်တိုင်၊ ဂြိုဟ်ပြေနံပြေ ဘုရားတို့ဖြင့် ၁၃၆၆ ခု ပြာသိုလဆန်း ၁၁ ရက် ကြာသပတေးနေ့ (၂၀-၁-၂၀ဝ၅)နေ့ နံနက် ၉ နာရီတွင် ပန္နက်တင်မင်္ဂလာပြု၍မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် အရှင်ပညာသီရိနှင့် သဒ္ဓါကြည်လင် ပါရမီရှင်များက အသစ် တစ်ဖန်တည်ဆောက်လှူဒါန်းခဲ့ပေသည်။
ဗုဒ္ဓနွယ်ဝင်သူတော်စင်များအနေဖြင့် ကြေးဆင်းတုတော်များကိုသာ ဉာဏ်တော်ကြီးမားစွာ သွန်းလောင်းပူဇော် သမျှပြုခဲ့လေ့ရှိသော်လည်း ဤမျှထုထည်ကြီးမားပြီးအချိုးအစား လှပတန်ခိုးကြီး “ဝိဇယမာန်အောင်” ကြေးစေတီတော်ကြီးသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးစေတီတစ်ဆူဖြစ်ပေရာ ဗုဒ္ဓနွယ်ဝင်တိုင်းရင်းသား ပြည်သူများ တစ်ခါတစ်ခေါက် အရောက်လှမ်းကာ ဖူးမြော်နိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော် နှိုးဆော် လိုက်ရပါသည်။
စိုင်းသာလှိုင် (လိမ္မော်မြေ)