နေပြည်တော် ၂၂ ဇန်နဝါရီ
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၀)ကျော်သည် နေရာဒေသအသီးသီးတွင် ပျံ့နှံ့နေထိုင်လျက်ရှိကြပြီး ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့၊ ပွဲတော်များ၊ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများ၊ ရှေးဟောင်းနေရာများနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ စသည့် ယဉ်ကျေးမှုအမွေအနှစ်များမှာလည်း နေရာအနှံ့အပြားတွင် ပျံ့နှံ့တည်ရှိလျက်ရှိသည်။
တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာဓလေ့များ၊ ရိုးရာအသုံးအဆောင် ပစ္စည်းများ၊ ရိုးရာအစားအသောက်များကို တစ်နေရာတည်း၌ စုံလင်စွာလေ့လာ ကြည့်ရှုနိုင်ရန် တိုင်ရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုပြခန်းကို တိုင်ရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၌ ဖွင့်လှစ်ပြသလျက်ရှိသည်။
အဆိုပါပြခန်းကို တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုပုံစံများကို ပြည်သူများသိရှိပြီး ဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ထားကြောင်း သိရသည်။
ပြခန်းခင်းကျင်းပြသဖြစ်သည့် အခြေအနေနှင့်စပ်လျဉ်း၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က “ပြခန်းဖွင့်လှစ်ပြီး ပြသဖြစ်တာက ကျွန်တော်တို့ ဝန်ကြီးဌာနကလည်း တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးတွေရဲ့ အငွေ့အသက်တွေ ရှိနေစေဖို့ ဖွင့်လှစ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါပြခန်းတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးတို့၏ တိုင်းရင်းသားမျိုးနွယ်စု ရိုးရာဝတ်စုံများ၊ အသုံးအဆောင်များနှင့် အစားအသောက်များကို ခင်းကျင်းပြသထားသည်။
ပြခန်းဖွင့်လှစ်သည့်အခါတွင် လိုအပ်သည့် တိုင်းရင်းသားရိုးရာဝတ်စုံများ၊ တိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်းများ၊ ၎င်းတို့၏ တူရိယာပစ္စည်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ အလှူခံခဲ့ပြီး အချို့ဒေသများ၌ တိုင်းရင်းသားများထံမှတစ်ဆင့် ဝယ်ယူစုဆောင်း၍ ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ပြခန်းကို ရုံးဖွင့်ရက်များတွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး လွတ်လပ်စွာ လာရောက်လေ့လာနိုင်ကာ လာရောက်လေ့လာသူများ အနေဖြင့်လည်း တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများနှင့် တူရိယာပစ္စည်းများကို တစ်နေရာတည်း၌ စုံလင်စွာလေ့လာနိုင်မည်ဖြစ်သည်။
“တစ်ချို့တိုင်းရင်းသား ဝတ်စုံတွေက မမြင်ဖူးတာတွေရှိတယ်။ ဒီမှာလေ့လာခြင်းအားဖြင့် တစ်စုတစ်စည်းထဲ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီပြခန်းဖွင့်ခြင်းအားဖြင့် ရိုးရာဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်ပစ္စည်းတွေကို မြတ်နိုးတန်ဖိုးထားတဲ့စိတ်တွေ ပေါ်ပေါက်စေဖို့ကိုလည်း ရည်ရွယ်ပါတယ်” ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြောသည်။
ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ အတွေးအခေါ်၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် ပွဲတော်များ စသည့် ထိတွေ့ကိ်ုယ်တွယ်၍ မရသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ ၎င်းက “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နဲ့ ပတ်သက်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါတယ်။
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနအနေနဲ့လည်း တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းကူညီပေးလျက် ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ (၃၀ဝ)ကျော်နဲ့လည်း ချိတ်ဆက်ပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်သွားပါမယ်”ဟု ပြောသည်။
သတင်း-ကျော်မျိုးမော်၊ ဓာတ်ပုံ-ထန်းဖုန်