တိုင်းရင်းသားပေါင်းစုံနှင့် မိုင်းဖုန်းဆရာတော်၏ ငြိမ်းအေးရေးတရားပွဲများ

သီပေါကိုလတ်

 

နိုင်ငံတော်က အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်နှင့် သဒ္ဓမ္မဇောတိကဓဇသာသနာရေးဆိုင်ရာဘွဲ့ တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရသော မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် နှစ်စဉ်ဝါတွင်းကာလ၌ တောတောင်အတွင်းရှိ တရားလိုဏ်ဂူတော် တစ်ခုခုတွင် တစ်ပါးတည်း ဧကစာရီကျင့်သုံး ၍ ဝါကပ်လေ့ရှိခဲ့သည်။

 

ဝါတွင်းလွတ်ကင်းသီတင်းကျွတ်ကာလ၌ လိုဏ်ဂူတော်မှထွက်ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ(MA)နှင့်အတူ တန့် ယန်းမြို့နယ်မှ အမြင့်ပေပေါင်း ၈၇၇၇ ပေကျော်ရှိ လွယ်လိန်းတောင်ပေါ်၌ စေတီတော် တည်ထားကိုး ကွယ်ရေး အတွက် ဆောင်ရွက်တော်မူခဲ့သည်။ ဒေသခံတိုင်းရင်းသားများကိုတွေ့ဆုံ၍ တရားဟောကြားပေးတော်မူခဲ့ သည်။

 

ဆက်လက်၍ မိုင်းရယ်မြို့နယ်၊ လားရှိုး မြို့နယ်၊ မိုင်းယော်မြို့နယ်၊ သိန္နီမြို့နယ်များသို့ ကြွရောက်ပြီး ဒေသခံရ ဟန်းရှင်လူတိုင်းရင်းသား ပေါင်းစုံတို့ကို တရားဟောကြားတော်မူသည်။

 

မေ ၁၉ ရက်တွင် တောင်အလုံးသုံးဆယ်ဟု အဓိပ္ပာယ်ရသော ကွတ်ခိုင်မြို့အနီးမှ လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ ကြွရောက်၍ စေတီတော်တည်ထားကိုးကွယ်သွားနိုင်ရန်အတွက် စီမံပေးတော်မူခဲ့သည်။ ဆက်လက်၍ ကွတ်ခိုင်မြို့သို့ ကြွရောက်ပြီး လူမျိုးဘာသာမရွေး တိုင်းရင်းသားအားလုံး မေတ္တာတရားကို အခြေခံသော ငြိမ်းချမ်းမှုရရှိရန် တရားဟောကြားတော်မူခဲ့သည်။ ထိုရက်မတိုင်မီက ယင်းဒေသတစ်ဝိုက်၌ တိုက်ပွဲသံများ ထွက်ပေါ် ဖြစ်ပွားခဲ့ရာ နေရာပင်ဖြစ်၏။ မိုင်းဖုန်းဆရာတော်သည် သိန္နီမြို့နယ်အတွင်းရှိ ကျေးလက်ဒေသ အချို့သို့လည်း ကြွရောက်၍ တရားဟောကြားတော်မူခဲ့သည်။ မေ ၂၁ ရက်တွင် လားရှိုးမြို့ရှိ တပ်မတော် မိသားစုများကိုလည်း တွေ့ဆုံ၍ တရား ဟောကြားချီးမြှင့်ပေးတော်မူသည်။ ညနေပိုင်းတွင် မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ နောင်မွန်ကျေးရွာသို့ ကြွရောက်ကာ တရားဟောကြားတော်မူသည်။ ဆက်လက်၍ သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာ ရတနာကန်တော်အနီးမှ တောင်ကုန်းပေါ်သို့ ကြွရောက်ပြီး ဖယောင်းတိုင်မီး အလင်းရောင်များဖြင့် ကြိုဆိုဖူးမြော်နေကြ သည့် ရာပေါင်းများစွာသော ဒေသခံတိုင်းရင်း သားများအား ည ၁၂ နာရီ ၁၅ မိနစ် အထိ တရားဟောကြားပေးတော်မူသည်။

 

၎င်းညပိုင်းတွင် ရတနာကန်တော်အတွင်း၌ တည်ဆောက်ထားသော စံကျောင်းတော်၌ကျိန်းစက်ပြီး မေ ၂၂ရက် နံနက် ၁၀နာရီတွင် စံကျောင်းတော်မှထွက်ကြွ ထပ်မံတရားဟောကြားပေးတော်မူခဲ့သည်။

 

 နေ့လယ်ပိုင်းတွင် နမ့်လန်ဒေသရှိ ရှေးဟောင်းလွယ်မွမ်းစေတီတော်သို့ ကြွရောက် ကြည်ညိုပြီး ဒေသခံတိုင်း ရင်းသားများကို တရားဟောကြားတော်မူသည်။ ထိုမှတစ်ဆင့် နမ့်လန်အလယ်ကျောင်း စာသင်တိုက်သို့ကြွ ရောက်ပြီး အသင့်စောင့်ကြိုနေသည့် တိုင်းရင်းသားများနှင့် ပရိသတ်များကို တရားရေအေးတိုက်ကျွေး တော်မူခဲ့ပြန်သည်။ 

 

ညနေပိုင်းတွင် သီပေါဘော်ကြိုဆရာတော်၊ နမ့်လန်ဆရာတော်တို့နှင့်အတူ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ငြိမ်းချမ်းရေး နယ်မြေနှင့် ကျေးရွာအချို့သို့ ဆက်လက်ကြွရောက်ကာတရားဟောကြား တော်မူ သည်။ ဆက် လက်၍ မိုင်းရယ်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်များသို့ပါ ကြွရောက်၍ ဒေသခံတိုင်း ရင်းသားများကို တရားဟောကြားတော်မူခဲ့သည်။ မိုင်းဖုန်းဆရာတော်သည် တရားနာ ပရိသတ်နှင့် ဒေသခံတိုင်း ရင်းသားများအား ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ အခြေခံငါးပါးသီလစောင့်ထိန်းရေးနှင့် မေတ္တာတရား အခြေခံသော ငြိမ်းချမ်းရေးကို နှလုံးသားမှာ တည်ဆောက်ရေးတို့အတွက် အထူးဟောကြား တော်မူခဲ့သည်။ လူသားတို့တွင်စွဲကပ်နေသည့် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ရောဂါဆိုးကြီး သုံးမျိုးကို ပျောက်ကင်း စေနိုင်ရေးအတွက် လည်း “လောဘရောဂါကို ဒါနဆေးနှင့် ကုသပါ။ ဒေါသရောဂါကို သီလမေတ္တာဆေးနှင့် ကုသပါ။ မောဟရောဂါကို ဘာဝနာဆေးနှင့် ကုသပါ”ဟု ဟောကြားညွှန်ပြပေးတော်မူခဲ့သည်။ 

 

ထို့အပြင် လွန်ကဲသောစွဲလမ်းတပ်မက်မှု ၏ ဒုက္ခများမှ ကင်းဝေးစေနိုင်ရန်အတွက် သမုဒယသစ္စာနှင့် ဒုက္ခသစ္စာ တရားတို့၏ ကြောင်းကျိုးဆက်နွှယ်ချက်တို့ကိုလည်း ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် ဟောပြောတော်မူသည်။ တရားပွဲသိမ်းခါနီးတိုင်းတွင် မင်းကွန်းဆရာတော်ကြီး၏ မေတ္တာပို့သနည်းအရ အနန္တစကြဝဠာရှိ အနန္တသတ္တဝါ တို့ကို ဦးဆောင်၍ မေတ္တာပို့သည်။ ပြီးလျှင် ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် ရေစက်သွန်းချ အမျှအတန်း ပေးတော်မူသည်။ ထိုသို့ မိုင်းဖုန်းဆရာတော်ကြီး၏ မေတ္တာပို့ ရေစက်ချအမျှပေးဝေမှုကို တရားနာပရိသတ် နှင့် ဒေသခံတိုင်းရင်းသားတို့က တစ်ခဲနက်သာဓုခေါ်ဆိုခဲ့ကြသည်။ ရှမ်းတောင်တန်းကြီးများထံ ပဲ့တင်ထပ်ရောက်ရှိ သွားခဲ့ရလေသည်။

 

မိုင်းဖုန်းဆရာတော် ကြွရောက်သည့် ဒေသများတွင် တိုင်းရင်းသားများက အထူး နှိုးဆော်ဖိတ်ကြားရလေ့မရှိဘဲ စည်ကားစွာ ကြိုဆိုလေ့ရှိကြသည်။ ဆရာတော်ကြွရောက် လာမည်ဟု သတင်းကြားသည်နှင့် တစ်ပြိုင် တည်း မမောနိုင်မပန်းနိုင် အသင့်ပြင်ဆင်ကြတော့သည်။ မည်သူမျှ တကူးတက ခိုင်းစေညွှန်ကြားရန်မလိုဘဲ စွမ်းရာ ဘက်က ပါဝင် ဆောင်ရွက်ကြခြင်းမှာ မိုင်းဖုန်းဆရာတော်၏ မေတ္တာတရားကြောင့်ဖြစ်မည်ဟု ထင်ကြောင်း ဒေသခံကိုစိုင်းစိုင်းက ပြောပြသည်။ မိုင်းဖုန်း ဆရာတော်အနေဖြင့် ကြွရောက်သည့်ဒေသ များရှိ ဘုရားကျောင်း ကန်ဇရပ်များ ပြုပြင် မွမ်းမံရန် လှူဒါန်းပေးခြင်း၊ ရဟန်းသာမဏေ၊ သီလရှင်များ၊ သက်ကြီးရွယ်အိုများနှင့် ချို့တဲ့ နွမ်းပါးသူများကို စွန့်ကြဲထောက်ပံ့ပေးခြင်းတို့ ပြုတော်မူခဲ့သည်။

 

မိုင်းဖုန်းဆရာတော်၏ တရားပွဲများသို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်၊ ရှမ်း၊ ပလောင်၊ ဗမာ၊ ကချင်၊ လီဆူ၊ ကိုးကန့်၊ ပအိုဝ်း စသည့် တိုင်းရင်းသားပေါင်းစုံလာရောက်၍ တရား နာယူခဲ့ကြသည်ကို တွေ့မြင်ရသည်။ မိုင်းဖုန်းဆရာတော်အား ဒေသခံတိုင်းရင်း သားများသာမက အခြားဘာ သာဝင်များက လည်း လေးစားကြည်ညိုကြသည်။ ဆရာတော် ကလည်း လူမျိုးဘာသာ၊ အဆင့်အတန်းမခွဲခြား ဘဲ မေတ္တာတရားဖြင့် တစ်တန်းတည်းထား၍ ဆက်ဆံတော်မူခဲ့သည်။ အခြားဘာသာဝင်များ နှင့် တွေ့ဆုံလျှင် လည်း တလေးတစား နှုတ်ဆက်သည်။ အယူဝါဒမတူသော်လည်း မေတ္တာတရားဖြင့် ပေါင်းစပ်ဆက်သွယ်ရ ကြောင်း လက်တွေ့ပြသတော်မူခဲ့သည်။ 

 

ထို့ကြောင့် မိုင်းဖုန်းဆရာတော်ဆိုလျှင် လူမျိုးဘာသာမရွေး ချစ်ခင်လေးစားကြည်ညိုခဲ့ကြသည်။ အချို့က ဆိုလျှင် တိုင်းရင်းသား တို့၏ အသည်းနှလုံးဆရာတော်ဟုပင် တင်စား ခေါ်ဝေါ်ခဲ့ကြသေးသည်။ ဆရာတော် သည် နိုင်ငံရေးတရား၊ လူမျိုးခွဲခြားရေးတရားတို့ကို ဟောပြောခြင်းမရှိပါ။ လူသားတိုင်းမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရား လေးပါးကို လက်ကိုင်ထား၍ ကျင့်သုံးသွားမည်ဆိုပါက ငြိမ်းအေးသောလူ့လော ကကြီးဖြစ် ပေါ်လာစေနိုင်ကြောင်း ဟောပြောတော်မူလေ့ရှိသည်။ မိုင်းဖုန်းဆရာတော်၏ အာသီသဆန္ဒတော် အတိုင်း ဒေသခံတိုင်းရင်းသားများ သာမကလောကတစ်ခုလုံးငြိမ်းအေးသာယာမှု ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။