တိုင်းရင်းသားပြည်သူအားလုံးအတွက် မင်္ဂလာ

၁၄ ဖေဖော်ဝါရီ


ယနေ့သည် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်သည်။ တိုင်းရင်းသားပြည်သူ အားလုံး လိုလားတောင့်တသည့် ငြိမ်းချမ်ရေးခရီးအတွက် အထောက်အပံ့ကောင်းတစ်ခု ရရှိသောကြောင့် မင်္ဂလာရှိသည်။ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်လိုမုန်းထားပြီး ပဋိပက္ခဖြစ်နေလျှင် မည်သို့မင်္ဂလာ ရှိပါမည်နည်း။ ပြည်သူများ ပူဆွေးသောကရောက်၍ စိုးရိမ်ထိတ်လန့်မှုဖြစ်နေပါလျှင် မင်္ဂလာအပေါင်းကို ဆောင်ကြဉ်းနိုင်လိမ့်မည်မဟုတ်ချေ။

 

 

မြန်မာနိုင်ငံတွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာသည်မှာ နှစ်ပေါင်း ၇၀ နီးပါးရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေး ရပြီးစ ၁၉၄၉ ခုနှစ်က လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်မှာ တစ်နိုင်ငံလုံးနီးပါး ပင်ဖြစ်သည်။ ရန်ကုန်အစိုးရဟုခေါ်ဆိုရလောက်အောင် နေရာကွက်ကွက်သာကျန်တော့သည့် အဖြစ်ဆိုးနှင့်ကြုံခဲ့ရပြီး ပြည်သူအများ ဒုက္ခပင်လယ်ဝေခဲ့သည်။ ထိုမှစတင်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများမှာ မြန်မာပြည်၏ တောင်တန်း နယ်စပ်ဒေသများတွင် ကျန်ရှိနေသေးသည်။

 

 

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြသော်လည်း အောင်မြင်မှု မရရှိသေးချေ။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ပထမဆုံးအကြိမ် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့နှင့် ဒုတိယအကြိမ်အောင်မြင်စွာလက်မှတ်ရေးထိုးလိုက်ပြန်သည်။ ထိုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးပြီး ဖြစ်သွားသည်။

 

ကျက်သရေမင်္ဂလာရှိသော သတင်းကောင်းဖြစ်၍ တိုင်းရင်းသား ပြည်သူများ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။ မြန်မာပြည်မြေပုံပေါ်ရှိ စိုးရိမ်ပူပန်မှုနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်စေနိုင်သည့် အနီရောင် အကွက်လေးများ ကွယ်ပျောက်သွားသည်။ မြန်မာပြည်မြေပုံပေါ်တွင် စိုးရိမ်ပူပန်ဖွယ် အမှတ်လက္ခဏာများ မရှိလိုပြီး တစ်တိုင်းပြည်လုံး အေးချမ်းသာယာမှုများနှင့် ပြည့်စုံလိုပါသည်။ ယင်းတို့ကို အပစ်အခတ် ရပ်စဲခြင်းများနှင့် စတင်ဆောင် ရွက်နေကြသည်။

 

ယခုအခါ ငြိမ်းချမ်းလမ်းပွင့်လာပြီဖြစ်သည်။ မကြာမီအချိန်များတွင် ဖြူစင်သန့်ရှင်းသည့် ငြိမ်းချမ်းသာယာမှုများ တစ်စတစ်စရောက်လာတော့မည်။ ထို့နောက် တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာဝပြောသည့် မြန်မာပြည်တစ်ခွင် ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ငြိမ်းချမ်းခြင်း၏ ပဏာမခြေလှမ်းဖြစ်သည့် (NCA) သဘောတူစာချုပ်၏ အနှစ်ချုပ်မှာ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုထူထောင်ကာ တန်းတူရည်တူ အခွင့်အရေး ရရှိမည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန် သဘောတူညီခြင်း ဖြစ်သည်။

 

သဘောတူလက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့နှင့်သက်ဆိုင်သည့် နယ်မြေများအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စများတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကောင်အထည် ဖော်နေသည့်ကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့်တရား ဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ရာ ကျေနပ်အားရ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

 

ထိုမှတစ်ဆင့် ငြိမ်းချမ်းရေးကို ထာဝရတည်ဆောက်နိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်နိုင်ကာ မိမိတို့ဒေသကို မိမိတို့စိတ်ကြိုက် ကိုယ်တိုင်ဖန်တီးနိုင်ခွင့်၊ ကိုယ်တိုင်ခံစားနိုင်ခွင့်ရှိသည့် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ ထာဝရငြိမ်းချမ်းရေးကို စတင်သည့် မင်္ဂလာရှိ သော(ဃြဗ)လက်မှတ်ရေးထိုးခြင်း အစခြေလှမ်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်လာပြီဖြစ်ရာ ကျန်ရှိသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအားလည်း ပြည်ထောင်စုကြီးတစ်ခုလုံး ထာဝရ ငြိမ်းချမ်းရေးအတွက် ဆက်လက်ပါဝင်ကြရန် လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်။

 

(ကြေးမုံ)