နေပြည်တော်၊ ၄ ဖေဖော်ဝါရီ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တိုင်းရင်းသားပြည်သူများ တပ်မတော် ဆေးရုံများတွင် ဆေးသကုနိုင်ကြောင်း ထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အများပြည်သူအကျိုးစီးပွားကို ထိခိုက်စေပြီး နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိုသော ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့်ဆောင်ရွက်သူအချို့က Civil Disobedience Campaign အဖြစ် လူမှုကွန်ရက်မှ တစ်ဆင့် စည်းရုံးဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းအချို့ နားယောင်၍ လုပ်ငန်းတာဝန်ပျက်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို သိရှိရပါကြောင်း။
ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆရာဝန်များအနေဖြင့် ဆရာဝန်ဘွဲ့အပ်နှင်းခံရစဉ် ကတိသစ္စာ၌ ကျွန်ုပ်သည် လူသားအားလုံး၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ကျန်းမာရေးကို ကျွန်ုပ်အရေးကဲ့သို့ ယူဆပါအံ့၊ ကျွန်ပ်သည် သမားကောင်းတစ်ဉီး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခာ အစဉ်အလာကို ထိန်းသိမ်းပါအံ့၊ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် ဂီလာနပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို စေတနာ၊ မေတ္တာရှေ့ထား၍ လူမျိုး၊ ဘာသာ၊ ဆင်းရဲ ချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက်ကုသပါအံ့၊ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထား လေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့ ဟူသည့် အချက်များကို ထည့်သွင်း အဓိဋ္ဌာန်ပြုခဲ့ရသူများ ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အဖျက်အမှောင့် ဆောင်ရွက်လိုသူတို့၏ နိုင်ငံနှင့်ပြည်သူ့အကျိုးကို ပျက်စီးစေသော သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ခြင်းမပြုဘဲ စောင့်ထိန်းအပ်သော ကတိသစ္စာအရ ပြည်သူလူထုအပေါ်သာ သစ္စာစောင့်သိရန် မေတ္တာရပ်ခံလိုပါကြောင်း။
လက်ရှိ အခြေအနေတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သော နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တပ်မတော်သား ဆေးတပ်ဖွဲ့ဝင်များဖြင့် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီထံ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်၍ တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ ဆက်သွယ်ဆေးကုသမှု ခံယူသွားနိုင်ကြောင်း သတင်းထုတ်ပြန်အပ်ပါကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)


