နေပြည်တော်၊ ၁၇ ဒီဇင်ဘာ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံးများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားပြုပုဂ္ဂိုလ်များ၊ ပူးပေါင်းဆောင်ရွက်ပေးသော ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ ဒါရိုက်တာနှင့် ဝန်ထမ်းများက အွန်လိုင်းစနစ် ဖြင့် သတ်မှတ်နေရာများမှ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း ဝန်ကြီးဌာနဖွဲ့စည်းပုံ ရေးဆွဲအတည်ပြုခြင်း၊ ဝန်ထမ်းအင်အားစုဖွဲ့ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ညွှန်ကြားရေးမှူးရုံးများဖွင့်လှစ်ခြင်း၊ ဝန်ထမ်း ရေးရာ ကိစ္စရပ်များနှင့်အတူ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားများ ပိုမိုသိရှိနိုင်ရေးအတွက် နေထိုင်ရာဒေသများသို့ သွားရောက်၍ အသိပညာပေး ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားရေးရာအခြေခံ အချက်အလက်များကောက်ယူခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အငြင်းပွားမှုများကို ကွင်းဆင်းကြားနာစစ်ဆေးခြင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ စီမံကိန်း၏ အကျိုးအပြစ်နှင့် အကြောင်းအရာများကို တိုင်းရင်းသားများအား ကြိုတင်ချပြရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ အငြင်းပွားမှုဖြေရှင်းရေးတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း။

 

 ထို့အပြင် တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်မှု တိုးပွားစေသော လေ့လာရေးခရီးများ စီစဉ်ခြင်း၊ တိုင်းရင်းသားကလေးငယ်များ သင်ကြားသင်ယူမှု တိုးတက်စေရေးအတွက် တိုင်းရင်းသား ဘာသာစကားအသီးသီးဖြင့် ပုံပြပုံပြင်စာအုပ်များ ပုံနှိပ်ဖြန့်ဝေခြင်း၊ ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အခြေခံပညာကျောင်းများ တွင် Teaching Assistant နှင့် Language Teacher များ ခန့်ထားနိုင်ရေး ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု နေ့ထူးနေ့မြတ် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးခြင်း၊ တိမ်မြုပ် ပျောက်ကွယ် လုနီးပါးဖြစ်သည့် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ရုပ်သံမှတ် တမ်းတင်ခြင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စုံနှင့် အသုံးအဆောင်များပြသသည့် ပြခန်းများပြုလုပ်ခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ကို လွှဲပြောင်းရယူခဲ့ကာ တိုင်းရင်းသားများ၏ ပွဲတော်များ ကျင်းပခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ပြပွဲနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအပါအဝင် တိုင်းရင်းသားများ၏ ချစ်ကြည် ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးသော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ကို ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ အခြားသော ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ကာ ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာန၏ ကျောထောက်နောက်ခံ ဥပဒေဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများကို ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် မဟာဗျူဟာတစ်ရပ် ချမှတ်မည်ဆိုပါက ပိုမိုထိ ရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဝန်ကြီးဌာန၏ မဟာဗျူဟာပေါ်ထွက်နိုင်ရေး ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။

 

ယခု မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကောက်ယူရရှိခဲ့သည့် တိုင်းရင်းသားရေးရာအခြေခံအချက်များနှင့် စစ်တမ်းများကို အခြေခံကာ ရေးဆွဲခဲ့ပါကြောင်း၊ မဟာဗျူဟာရေးဆွဲရာတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မျှော်မှန်းချက်များနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားရေးရာကိစ္စရပ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ မတူကွဲပြားသော အမြင်၊ အယူအဆ၊ မျှော်မှန်းချက်များကို ထိန်းညှိကာ ညီညွတ်ရေးတည်ဆောက်ရခြင်းဖြစ်၍ လွန်ခဲ့သည့် (၅)နှစ်တာကာလတွင် အခြေခံ အုတ်မြစ်ချထားနိုင်ခဲ့ပြီး ရှေ့ဆက်ကြိုးပမ်းကြရ ဦးမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ တိုင်းရင်းသားရေးရာ ရည်မှန်းချက်များပြည့်မြောက် အောင်မြင်ရန် ဝန်ကြီးဌာနအနေဖြင့် ပိုမိုထိရောက်စွာ ဆောက်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာ၏ ရည်မှန်းချက်ဖြစ်သည့် တိုင်းရင်းသားများ အားလုံးတန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများရရှိနိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရည်မှန်းချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအတိုင်း ပြည့်ဝအောင်မြင်နိုင်ရေးဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရပါကြောင်း၊ မဟာဗျူဟာတွင် အခန်းကဏ္ဍကြီး ၆ ရပ် ပါဝင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ SDG၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း MSDP တို့နှင့် ချိတ်ဆက်၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် ကိုက်ညီအောင် ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ မဟာဗျူဟာပါ အခန်းကဏ္ဍများကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အမျှ  တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများအကြား ဖွံ့ဖြိုးမှုကွာဟချက်များ လျော့နည်းကျဉ်းမြောင်းလာမည်ကို မျှော်လင့်ရပါကြောင်း၊ မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်ရာတွင် ပါဝင်သင့် ပါဝင်ထိုက်သည်များ ပြည့်စုံစွာပါဝင်နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းအေးကိုက တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လမ်းပြမြေပုံ ဖြစ်လာ စေမည့် မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေးအတွက် နှစ်အလိုက် ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ယခုတတိယအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲသည် မဟာဗျူဟာ (တတိယမူကြမ်း)ကို အခြေခံ၍ ဆွေးနွေးသွားမည်ဖြစ်ရာ မဟာဗျူဟာကို လက်တွေ့အကောင် အထည်ဖော်ရန် ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်ဘောင် အတွင်းမှ ဆောင်ရွက်ပေး နိုင်မည့်လုပ်ငန်းစဉ်များ Action Plan ကို တက်ရောက်ဆွေးနွေး ကြသူများက ဆွေးနွေးအကြံပြု ပေးကြရန်နှင့် ယင်းအကြံပြုချက်များကို ဖြည့်စွက်၍ မဟာဗျူဟာကို အပြီးသတ်ရေးဆွဲကာ အတည်ပြုထုတ်ပြန်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ ဒါရိုက်တာ နော်အိအိမင်းက ယခု ဆွေးနွေးပွဲမှ ရရှိလာမည့် ဆွေးနွေးချက်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများအတွက် လွန်စွာအရေးပါသော ကိစ္စရပ်များဖြစ်လာမည်ကို ယုံကြည်သဖြင့် ပူးပေါင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဥ္ဇာနိုင်က  မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ တတိယမူကြမ်းတွင်ပါဝင်သော ကဏ္ဍ(၆) ရပ်၏ ခေါင်းစဉ်များကို ရှင်းလင်းတင်ပြပြီးနောက် ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ဖွင့်ပွဲအခမ်းအနားအပြီး ညှိနှိုင်းဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့် ဆက်လက်ကျင်းပရာ အုပ်စုအလိုက်ဆွေးနွေးခြင်းအစီအစဉ်တွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ လူမျိုးစုကိုယ်စားလှယ်များဖြစ်ကြသော ကချင်၊ ရှမ်း၊ ဗမာ၊ ကယား၊ ကယန်း၊ ကယော ဂေဘား၊ မနုမနော၊ ယင်းတလဲ၊ ကရင်၊ မွန်၊ ပအိုဝ်း၊ ကတူး၊ ထားဝယ်၊  ပလောင်၊ လီဆူ၊ သက်၊ မြို၊ ဒိုင်းနက်၊ ရခိုင်၊ ကိုးကန့်၊ တောင်ရိုး၊ ဓနု၊ အင်းသား၊ အာခါ၊ သျှမ်းနီ နှင့် ချင်းလူမျိုးစုများဖြစ်ကြသော လိုင်မီး၊ ဇိုမီး၊ လိုင်ဇိုး၊ ဇိုတုန်၊ ချိုး၊ ခူမီး စသော တိုင်းရင်းသားများ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံးများမှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၄၅ ဦးတို့က မဟာဗျူဟာ တတိယ မူကြမ်း Action Plan ကို အုပ်စု ၁၀ စုခွဲ၍ ဆွေးနွေးကြသည်။ ထို့နောက် အုပ်စု အလိုက်ဆွေးနွေးချက်များ၊ အကြံပြုချက်များကို တစ်ဖွဲ့ချင်းစီ၏ ကိုယ်စားလှယ်များက အုပ်စုအဖွဲ့များနှင့် တက်ရောက်လာကြသူများကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အုပ်စုအလိုက် ဆွေးနွေးအကြံပြုချက်များအပေါ် ပြန်လည်ရှင်းလင်း တင်ပြရာတွင် ဆွေးနွေးအကြံပြုချက်များသည် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာ ကွယ်စောင့်ရှောက် သည့် ဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ မဟာဗျူဟာ ရေးဆွဲအတည်ပြုနိုင်ရေး ရှေ့တိုးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် များစွာ အထောက်အကူပြုပါကြောင်း၊ ဆွေးနွေးပေး ကြသူအားလုံးနှင့် ပူးပေါင်းပါဝင်ပေးသော ပွိုင့်-ရိုးရာဝန်း ကျင်မြှင့်တင်ရေးအဖွဲ့အား ဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

 

(သတင်းစဉ်)

 

mdn