ပခုက္ကူ၊ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ မြန်မာ့ လက်ရက်ထည်များအပြင် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာရပ်များ သင်ကြားပို့ချပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်နည်းကို သင်ကြားပို့ချပေးလျက်ရှိသည်။
ပခုက္ကူမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ် နည်းသင်တန်းဖွင့်လှစ်ရာ အခြေခံပညာအလယ်တန်း အဆင့်ရှိသည့် အမျိုးသမီးသင်တန်းသူ ၂၀တက်ရောက် သင်ယူလျက်ရှိသည်။
သင်ကြားပေးသည့်ဘာသာရပ်များမှာ ဂျပ်ခုတ်ရန် ချည်လုံးနည်း၊ ဂျပ်ခုတ်ဆွဲနည်း၊ ဂျပ်ခုတ် နှတ်ကောက်နည်း၊ ဂျပ်ခုတ်စင်ပေါ်တွင် အပွင့်ကောက်နည်း၊ ဂျပ်ခုတ်ရက်ခတ်နည်းတို့ဖြစ်သည်။ မိမိဒေသထုတ်ကုန်များအပြင် အခြားတိုင်းရင်းသား ရိုးရာထည်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် သင်ကြားပေးခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ ပြန့်ပွားစေပြီး မြန်မာ့လက်ရက်ထည်၊ ရက်ကန်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ကိုယ်ပိုင်ရိုးရာ ဝတ်စားဆင်ယင်မှုအဖြစ် ရှေးယခင်ကပင် ရပ်တည်လာခဲ့သည့် ဝတ်စားဆင်ယင်မှုများ ရေရည် တည်တံ့ခိုင်မြဲစွာ ထိန်းသိမ်းရပ်တည်နိုင်ရေးနှင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်အထည်စစ်စစ်ရရှိရေး အတွက် အချိန်ကြာမြင့်စွာရက်လုပ်ရပြီး တန်ဖိုးကြီးမားသောကြောင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသည် တိုင်းရင်းသားရိုးရာဂျပ်ခုတ် နည်းပညာ တိမ်ကောပပျောက်မှုမရှိစေရန်၊ မိမိ တတ်ကျွမ်းထားသော ရက်ကန်းပညာရပ်နှင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်ထည်များ တီထွင်ဖန်တီး ထုတ်လုပ်လာနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်း များရရှိလာစေရန်နှင့် တစ်ပိုင်တစ်နိုင်မိသားစု အပိုဝင်ငွေရရှိစေရန်၊ မြန်မာ့လက်ရက်ထည်များ၊ တိုင်းရင်းသားရိုးရာထည်များ ရေရှည်ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရန် ရည်ရွယ်ချက်တို့ဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)


