နေပြည်တော်၊ ဖေဖော်ဝါရီ ၆

နေပြည်တော်၌ ကျင်းပမည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် အဖွဲ့ (၂) ဖွဲ့ခွဲ၍ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။ 

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုကို သွားရောက် လေ့လာကြည်ညိုကြရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်းထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်များအား ရေလမ်းကြောင်း၊ ကုန်း လမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင် တော်ထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ခြင်း၊ ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှု အခြေအနေတို့ ကို ရှင်းလင်းပြောကြားသည်။ 

ထို့နောက် လေ့လာရေးအဖွဲ့များသည် ဆင်းတုတော်အပိုင်း (၁)၊ (၂)၊ (၃) နှင့် (၄) တို့ အား ပလ္လင်တော်ပေါ်သို့ ပင့်ဆောင်နေရာချထားခြင်းလုပ်ငန်းစဉ်နှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာ ကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးပူဇော်ထားသည့် ကျောက်စာရုံစေတီများကို လေ့လာကြည့်ရှုကြည်ညိုကြသည်။ 

ယင်းနောက် လေ့လာရေးအဖွဲ့များသည် Junction Center၊ ကျောက်မျက် ရတနာပြတိုက်၊ လွှတ်တော်အဆောက်အအုံ၊ နေပြည်တော်ဗုဒ္ဓဂါယာ၊ ဥပ္ပါတသန္တိ စေတီတော်နှင် နေပြည်တော်ရေပန်းဥယျာဉ်တို့ကို ဆက်လက်လေ့လာကြသည်။

အဆိုပါလေ့လာရေးအဖွဲ့ (၁) တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ အုပ်ချုပ်သူ ဆရာဆရာမများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင် (၁၃၇) ဦးနှင့်အဖွဲ့ (၂) တွင် မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် (၁၄၅) ဦး ပါဝင်ကြောင်းသိရပြီး လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီ ၇ ရက်တွင် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက်၊ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာပြခန်းနှင့် နေပြည်တော်မြို့မဈေးတို့သို့ သွားရောက် လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။ 

သတင်း - အောင်ရဲသွင်၊ ဂျိုင်းလော
ဓာတ်ပုံ - ကိုကိုထိန်၊ ကိုကိုအေး