မင်းသက်တင်

 

အကြမ်းဖက်သော် အမျက်မပြေ

 

ဟိုး..ရှေးရှေးတုန်း အခါကပေါ့ကွယ်။

တောဘုရင်   ကေသရာဇာခြင်္သေ့မင်းကြီးဟာ တစ်နေ့မှာ တောတွင်းမှာသွားလာရင်း   ရေဆာလာတယ်ပေါ့။    နေကလည်း မြင့်မြင့်လာတာဆိုတော့ ရေကပိုဆာလာကာ  စိတ်လည်းတိုလာပါလေရော။ ဖြစ်ချင်တော့ အဲဒီအချိန်မှာပဲ တောင်အောက်နားမှာ သာယာလှပတဲ့ရေကန်ကြီးကို လှမ်းမြင်လိုက်ရလို့ ဝမ်းသာသွားသတဲ့။

 

“အလို...ဟိုရှေ့က ရေကန်ကြီးကသာယာလိုက်တာ။ ကြာမျိုးစုံကလည်း ဖူးပွင့်နေသေး၊ ကျေးငှက်တို့ကလည်း ပျော်မြူးနေကြလို့ ကြည်နူးစရာကောင်းလိုက်တာ။ ရွှေသမင်လေးတွေ၊ ယုန်ငယ်လေးတွေ၊ ဒရယ်တွေ၊ ချေတွေ၊ ဆတ်တွေနဲ့ တောတွင်းသတ္တဝါတွေ အတော်များများ ရှိနေကြတာပဲ”

 

ကေသရာဇာခြင်္သေ့မင်းက သဘောတွေ့ကာ တောင်ကုန်းပေါ်ကနေ လှမ်းမြင်နေရတဲ့ရေကန်ကြီးဆီကို ဒုန်းဆိုင်း သွားတော့တာပေါ့။ ခြင်္သေ့မင်းလာတာသိလိုက်ရတဲ့ ရွှေကျေးလေးတွေက ရေကန်ကြီးဆီကို အပြေးသွားပြီး မိတ်ဆွေတွေကို သတင်းပို့ရှာတာပေါ့။

 

“အဆွေတို့ ခြင်္သေ့ကြီးအပြေးလာနေတယ်၊ ရှောင်ရှားကြပ တော့”

 

ရေကန်ကြီးအပါးမှာ ပျော်ရွှင်မြူးထူးနေကြတဲ့ သတ္တဝါတွေ အားလုံး ဘေးလွတ်ရာကို ထွက်ပြေးကြတော့တာပေါ့။

 

“ဟင်... ဘာတွေဖြစ်နေတာလဲ၊ ဘာလို့များ ရုန်းရင်းဆန်ခတ် ထွက်ပြေးနေကြတာပါလိမ့်။ ဒီနေ့တော့ အထူးအဆန်းပါပဲလား”

 

ရေကန်ကြီးအတွင်းက ကြာရွက်ကြီးပေါ်မှာ ထိုင်နေတဲ့ ဖားသူငယ်က ဝန်းကျင်ကိုကြည့်နေရင်း တီးတိုးဆိုလိုက်တယ်။ ပျော်စရာရေကန်ကြီးဟာ ရုတ်တရက်တိတ်ဆိတ်ခြောက်ကပ်သွားတော့တာပေါ့။

 

“ဪ အမွေးစုတ်ဖွား၊ ပါးစပ်ကပြဲပြဲ၊ အစွယ်က ဖွေးဖွေးနဲ့ အကောင်ကြီးတစ်ကောင်ပဲ၊ ဒီကောင်ကြီးလာလို့ ငါ့မိတ်ဆွေတွေ ထွက်ပြေးကုန်ကြတာပဲ”

 

ဖားကလေးက ရေစပ်နားကို တဖြည်းဖြည်းချဉ်းကပ်လာတဲ့ ခြင်္သေ့မင်းကို မြင်လိုက်တဲ့အခါ သဘောပေါက်သွားပြီး စိတ်ဆိုး မာန်ဆိုးလေသံနဲ့ အော်ဟစ်ပြောဆိုလိုက်တယ်။

 

“ဟေ့ဟေ့ ငါ့ပိုင်နက်ထဲကို ဘယ်ကောင် ကျူးကျော်လာတာလဲ၊ အခုရပ်လိုက်”

 

“ကေသရာဇာခြင်္သေ့မင်းပဲ ဒီတောတစ်ခုလုံးရဲ့ဘုရင်ဆိုတာ မသိလေရော့သလား”

 

“မင်းကလည်း ခြင်္သေ့မင်း၊ ငါကလည်း ဖားမင်းပဲ၊ ဒါကြောင့် ငါ့ပိုင်နက်ကို ငါခွင့်မပြုဘဲ လာခွင့်မရဘူး”

 

 “ဟေ့ အကောင်သေးသေးနဲ့ ဖားသူငယ်၊ ရာရာစစကွာ၊ ငါလို ကေသရာဇာခြင်္သေ့မင်းကိုများ ဘာမှတ်နေလဲ၊ ဒီကောင်မလေးမစားနဲ့ကွာ”

 

“အပိုတွေပြောမနေနဲ့ တော်တန်တိတ်လိုက်၊ အခုပဲဒီနေရာကနေ ထွက်သွားစမ်း”

 

အကောင်သေးသေးဖားလေးက ကေသရာဇာခြင်္သေ့မင်းကို မလေးမစားပြောရပါ့မလားဆိုပြီး ခြင်္သေ့လည်ဆံမွေးတွေ ထောင်ထလာကာ ဒေါသအိုးပေါက်ကွဲတော့တာပေါ့။ ဒီတော့ ကျယ်လောင်တဲ့ ဟိန်းဟောက်သံကြီး ပေါ်ထွက်လာပါရော။ ဖားလေးကတော့ ခြင်္သေ့ကြီး ဒေါသအိုးပေါက်ကာ ဟန်ပြင်လိုက်ကတည်းက ရေထဲကို ငုပ်လျှိုးနေလိုက်တော့တာပေါ့။

 

“ဘာမဟုတ်တဲ့ဖားသူငယ်၊ ခုတော့ နားကွဲသေလောက်ပြီပေါ့”

 

ခြင်္သေ့ကြီးက မြည်တွန်တောက်တီးကာ မာန်အပြည့်နဲ့ ရေသောက်ဖို့ပြင်လေရာ

 

 “ဒီနေရာကနေ ချက်ချင်းထွက်သွားဆိုတာ ခုထိမသွားသေး ဘူးလား”

 

ဖားသူငယ်က ဒေါသတကြီး အော်ဟစ်လိုက်ပြန်တယ်။

 

ကြာရွက်ပေါ်မှာ မာန်ပါပါဟန်အပြည့်နဲ့ထိုင်ရင်း အော်ပြောလိုက်သံကြောင့် ခြင်္သေ့ကြီးက ပိုပြီးဒေါသထွက်လာကာ အားယူပြီး ထပ်မံဟိန်းဟောက်လိုက်ပြန်တာပေါ့။ ဖားသူငယ်ကတော့ ရေထဲကို ငုပ်လျှိုးသွားပြန်တာပေါ့ကွယ်။

 

“မင်းလည်း ခြင်္သေ့မင်း၊ ငါလည်း ဖားမင်း၊ ဒီနေရာက ခုထွက်သွားပါ”

 

ဖားလေးရဲ့အသံက ထပ်မံထွက်ပေါ်လာလိုက်၊ ခြင်္သေ့ကြီးက ဟိန်းဟောက်လိုက်နဲ့ အချိန်တွေ လင့်လာတဲ့အခါ ခြင်္သေ့ကြီးမှာ မောဟိုက်လာခြင်း၊ ပိုမိုဆာလောင်လာခြင်း၊ ပိုမိုဒေါသဖြစ်လာခြင်းတို့ကြောင့် ထပ်ကာထပ်ကာ ဟိန်းဟောက်တော့တာပေါ့။ ဒီလိုနဲ့ပဲ အချိန်တွေကြာလာတဲ့အခါ ဆင်ခြင်တရားမဲ့ပြီး ဒေါသကြီးရှာတဲ့ ခြင်္သေ့ကြီးခမျာ အော်ဟစ်ဟိန်းဟောက်ရလွန်းလို့ အဆုတ်ကွဲ၊ ရင်ကွဲကာ သေပွဲဝင်ရတော့တာပေါ့ကွယ်။ ဖားလေးကတော့ ကြာဖက်ကြီး ပေါ်မှာ မိန့်မိန့်ကြီးထိုင်ရင်း ပြုံးနေတော့သတဲ့။

 

“အကြမ်းဖက်သော် အမျက်မပြေ” ဘဲ ရေငတ်ကာ အဆုတ်ကွဲပြီး သေပွဲဝင်ရတဲ့ခြင်္သေ့ကြီးရဲ့ ဖြစ်စဉ်တစ်ခုပေါ့ကွယ်။ သားတို့ သမီးတို့၊ မောင်တို့ မယ်တို့လည်း တိုင်းရင်းသားသွေးချင်းတို့ရဲ့စကားပုံတွေထဲက မြန်မာရိုးရာစကားပုံလာ ဖြစ်စဉ်သာဓကကိုအကြောင်းပြုပြီး ဘဝမှာဆင်ခြင်တရားအသိပွားကာ လောကကို အလှဆင်နိုင်ကြသူများ ဖြစ်ကြပါစေကွယ်။