အောင်မြင့်စိုး(ရေစကြို)

မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်အတွင်း အင်္ဂလိပ်တို့နှင့် သုံးကြိမ်တိုင်တိုင် စစ်ခင်းခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ရှင်မဖြူကျွန်းကို အကြောင်းပြု၍ ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် အင်္ဂလိပ်ဘုရင်ခံချုပ်သည် မြန်မာနိုင်ငံအား စစ်ကြေညာပြီး တိုက်ခိုက်ခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို တိုက်သည့်အခါ တနင်္သာရီသို့ စစ်ကြောင်းတစ်ကြောင်း၊ အာသံပြည်သို့ စစ်ကြောင်းတစ်ကြောင်း၊ ရခိုင်ဘက်သို့ စစ်ကြောင်းတစ်ကြောင်း ချီတက်တိုက်ခိုက်သည်။ တိုက်ရေးခိုက်ရေး၌ စနစ်တကျလေ့ကျင့်ပြီးဖြစ်သည့် အင်္ဂလိပ်ဂေါ်ရာစစ်သည်နှင့် အိန္ဒိယစစ်ဗာရီ တို့ကို သုံးခဲ့သည့်အပြင် ကြိုတင်ပြင်ဆင်မှုရှိသည့် အင်္ဂလိပ်တို့က ခေတ်မီအမြောက်၊ သေနတ်များကိုပါ အသုံးပြုပြီး ရေး၊ မြိတ်၊ ထားဝယ်၊ ရန်ကုန်၊ သန်လျင်၊ ပုသိမ်၊ မော်တင်စွန်း၊ ရမ်းဗြဲဆိပ်ကမ်းတို့ကို တိုက်ခိုက်သိမ်းယူသည်။ ရန်ကုန်မြို့ရွှေတိဂုံစေတီတွင် အခြေအနေအရ ချီတက်တိုက်ခိုက်ရန် တပ်မကြီးတပ်စွဲထားသည်။

 

တောင်ပိုင်းစစ်မျက်နှာတွင် မြန်မာတို့ စစ်ရေးမလှသဖြင့် ဘကြီးတော်မင်းသည် မင်းကြီးမဟာဗန္ဓုလအား အနောက် စစ်မျက်နှာမှ တပ်ခေါက်စေပြီး ရန်ကုန် အရောက် အံ့ဖွယ်သရဲချီတက်တိုက်ခိုက် ခဲ့သော်လည်း ရန်ကုန်၌ စစ်ရေးမလှသဖြင့် ဓနုဖြူခံတပ်သို့ ဆုတ်ခွာ၍ ခုခံကြသည်။ သို့ရာတွင် ဓနုဖြူတိုက်ပွဲ၌ အင်္ဂလိပ်တို့၏ အမြောက်ကျည်သင့်၍ မင်းကြီးမဟာဗန္ဓုလ ကျဆုံးခဲ့ပြီးနောက် ဧရာဝတီမြစ်စဉ် တစ်လျှောက် တဖြည်းဖြည်း ဆုတ်ခွာခဲ့ရာ မြင်းခြံခရိုင် ရန္တပိုသို့တိုင် ရောက်လာခဲ့သည်။

 

ရန္တပိုရွာအရောက်တွင် အင်္ဂလိပ်တို့၏ တောင်းဆိုချက်များ တင်းမာလွန်းသော် လည်း အခြေအနေအရ မလွှဲမရှောင်သာ တော့သဖြင့် အင်္ဂလိပ်တို့ တောင်းဆိုသည့် အတိုင်း လက်ခံ၍ ရန္တပိုစာချုပ်ခေါ် စစ်ပြေ ငြိမ်းရေးစာချုပ်ကို ချုပ်ဆိုလိုက်ရသည်။ စာချုပ်အရပင် ရခိုင်နှင့် တနင်္သာရီတိုင်းတို့ကို မြန်မာတို့ ဆုံးရှုံးခဲ့ရလေသည်။ ၁၈၂၆ ခုနှစ် တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ပြီးဆုံး သွားခဲ့သည်။

 

အင်္ဂလိပ်-မြန်မာစစ်ပွဲများ

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးခဲ့သော် လည်း နယ်ချဲ့မာန်တက်နေသော အင်္ဂလိပ် အစိုးရသည် အကြောင်းအမျိုးမျိုးဖြင့် နယ်ချဲ့ရန် ကြံစည်ခဲ့သည်။ အင်္ဂလိပ် အမျိုး သား နှစ်ဦးအား ရန်ကုန်မြို့ဝန် ဦးအုပ်က ညှဉ်းပန်းနှိပ်စက်သည်ဟူသော အကြောင်း ပြချက်ဖြင့် မကျေမနပ်ဖြစ်ရုံသာမက မြန်မာ ပိုင် ရေနန်းယာဉ်သာအမည်ရှိ သင်္ဘောကို အင်္ဂလိပ်တိုက်သင်္ဘောက လုယူတွဲထွက် သွားပြီး မြန်မာနှင့် စစ်ဖြစ်ကြောင်း ၁၈၅၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စစ်ကြေညာ သည်။ လက်နက်ဆန်းနှင့် မီးသင်္ဘောကိုပါ အသုံးပြု၍ ရန်ကုန်နှင့် မုတ္တမဆိပ်ကမ်းမြို့ များကို စစ်ကြေညာပြီးသည်နှင့် တစ်ပြိုင် နက် သိမ်းပိုက်လိုက်သည်။ အင်္ဂလိပ်တို့ သည် ဧရာဝတီမြစ်ကြောင်းမှ လွယ်ကူစွာ ချီတက်၍ မြေထဲမြို့အထိ အခက်အခဲမရှိ သိမ်းပိုက်နိုင်ခဲ့သည်။ မတတ်သာတော့သည် နှင့် မြန်မာတို့လည်း စစ်ပြေငြိမ်းရေးစကားပြောကြားရတော့သည်။ ဧရာဝတီမြစ်ရိုး ဘက်တွင် မြေထဲမြို့အထိ၊ စစ်တောင်း မြစ်ဝှမ်းတွင် မြို့လှမြို့အထိ ကျယ်ဝန်း လှသည့် အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး မေဂျာဖယ်ယာအား ပထမ မဟာဝန်ရှင်တော် မင်းကြီးအဖြစ် ခန့်အပ်လိုက်သည်။ အိန္ဒိယ နိုင်ငံဆိုင်ရာ အင်္ဂလိပ်ဘုရင်ခံ “လော့ဒါ လဟိုဇီ”သည် ရန်ကုန်သို့ လာရောက်၍ ဂျင်နရယ်ဂေါ်ဒင်၊ ကွန်မန်ဒါလင်းဗတ်တို့နှင့် ညှိနှိုင်းတိုင်ပင်ကာ ထိုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပဲခူးတိုင်းကို အင်္ဂလိပ် ပိုင်နက်အတွင်းသို့ သိမ်းသွင်းလိုက်သည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲပြီးချိန်မှစ၍ အင်္ဂလိပ်မင်းပိုင် အောက်မြန်မာနိုင်ငံနှင့် မြန်မာမင်းပိုင် အထက်မြန်မာနိုင်ငံဟူ၍ မြန်မာနိုင်ငံသည် နှစ်ပိုင်းကွဲခဲ့လေသည်။

 

ဤသို့သော အခြေအနေတွင် ၁၈၅၃ ခုနှစ်၌ ပုဂံမင်းနန်းကျ၍ ညီတော် မင်းတုန်းမင်း နန်းတက်သည်။ မင်းတုန်းမင်း လွန်သော် ၁၈၇၈ ခုနှစ် သီပေါမင်း နန်းတက်ချိန်၌ တိုင်းရေး၊ ပြည်ရေး၊ နန်းတွင်းရေးများ ရှုပ်ထွေးလျက် ရှိပြီး ဘုံဘေဘားမားသစ်ကုမ္ပဏီကိစ္စကို အကြောင်းပြု၍ အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲကို ဖန်တီးခဲ့လေသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်္ဂလန်နိုင်ငံရှိ အင်္ဂလိပ်အစိုးရသည် အိန္ဒိယဘုရင်ခံချုပ် “လော့ဒပ်ဖရင်” ထံသို့ မန္တလေးမြို့သို့ ချီစေဟု ကြေးနန်းရိုက်၍ အမိန့်ပေးလိုက်‌ လေသည်။ ထိုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် အင်္ဂလိပ်ဗိုလ်ချုပ် “ဂျင်နရယ် ပရင်ဒါဂတ်” သည် အသင့်ပြင်ဆင်ထားသော စက်အမြောက်တင်သင်္ဘောတပ်ဖြင့် မြေထဲ မြို့နယ်စပ်ကို ဖြတ်ကျော်၍ ဧရာဝတီ မြစ်ကြောင်းအတိုင်း မန္တလေးမြို့သို့ချီသည်။

 

စစ်ကြောင်းများဖြင့် စွမ်းစွမ်းတမံခုခံ

မြန်မာမင်း၏ တပ်များကလည်း ဆင်ပေါင်ဝဲနယ် စစ်အောင်ခန်းခံကတုတ်၊ ထူးပေါက်ခံကတုတ်၊ ပန်းတော်ပြင်ခံ ကတုတ်၊ ထို့နောက် ဂွေးချောင်းခံတပ်နှင့် မင်းလှခံတပ်တို့မှ စစ်ကြောင်းငါးကြောင်း ပြု၍ စွမ်းစွမ်းတမံ ခုခံကြသော်လည်း လက်နက်အင်အား မမျှသည့်အပြင် အင်္ဂလိပ် သင်္ဘောတပ်မှ စက်အမြောက် အဆက်မပြတ် ပစ်လွှတ်သည်ကို မခံနိုင်၍ ဆုတ်ကြရသည်။ အင်္ဂလိပ်သင်္ဘောတပ်သည် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းသို့ ထိုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ပြီး မန္တလေးမြို့ကို သိမ်းလေသည်။ သီပေါမင်းနှင့် စုဖုရားလတ် တို့ကို ဖမ်းဆီးခေါ်ဆောင်၍ မဒရပ်မြို့မှ တစ်ဆင့် ဘုံဘေနယ် ရတနာဂီရိမြို့၌ ထားရှိ ခဲ့ပြီး ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အထက်မြန်မာနိုင်ငံကို သိမ်းယူအုပ်ချုပ်ပြီ ဟု အင်္ဂလိပ်အစိုးရက ကြေညာလေ သည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲသည် အထက်အောက် မြန်မာနိုင်ငံတစ်ဝန်းလုံး အင်္ဂလိပ်အစိုးရလက်အောက် ကျရောက်ခဲ့ ရသော ထီးသုဉ်း၊ နန်းသုဉ်းဖြစ်ခဲ့ရသည့် နောက်ဆုံးစစ်ပွဲပင်ဖြစ်သည်။

 

နယ်ချဲ့လက်အောက် ကျရောက် ခဲ့ရသော မြန်မာတို့သည် လွတ်လပ်ရေး အတွက် အမျိုးသားစည်းလုံးရေးစိတ်ဓာတ်၊ နယ်ချဲ့တော်လှန်ရေးစိတ်ဓာတ်များ လွန်စွာ ပြင်းထန်လျက် ဗြိတိသျှနယ်ချဲ့ကို တိုက်မည့် မည်သူနှင့်မဆို ပူးပေါင်းရန် စိတ်ဓာတ် ပြင်းထန်လျက်ရှိပြီး ဂျပန်နှင့် ပူးပေါင်း၍ နယ်ချဲ့တို့အား တိုက်ခိုက်ရန် စီစဉ်ကြလေ သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်တို့သည် (တိုင်ဝမ်ကျွန်း) ဖော်မိုဆာကျွန်းနှင့် ဟိုင်နန်ကျွန်းတို့တွင် လျှို့ဝှက်စွာဖြင့် စစ်ပညာသင်ကြားခဲ့ကြ သည်။ အပင်ပန်းခံနိုင်စေရန် နေပူမရှောင်၊ မိုးရွာမရှောင် တစ်ဆင့်ပြီးတစ်ဆင့် တိုး၍ အပြင်းအထန် လေ့ကျင့်သင်ကြားရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မြန်မာ့ လွတ်လပ်ရေးအတွက်ပင်ဖြစ်သည်။

 

မြန်မာ့လွတ်လပ်ရေးအတွက် သစ္စာပြု

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ တွင် ဗိုလ်တေဇ၊ ဗိုလ်မိုးကြိုး (ဂျပန် ဗိုလ်မှူးကြီး မီနာမီ(ဝါ)ဆူဇူကီး)တို့သည် ဗန်ကောက်မြို့သို့ ရောက်ရှိလာပြီး မြန်မာ မျိုးချစ်ကြီးများဖြစ်သည့် ဦးလွန်းဖေ၊ ဦးလှဖေ၊ ဦးချစ်ဖေ၊ ဦးတရုပ်၊ ဦးဘွန်လျောင် တို့၏ အကူအညီဖြင့် ထိုင်းနိုင်ငံရှိ မြန်မာ လူကြီးလူငယ်ကို စုရုံးကာ ဂျပန်ပြန် ဗိုလ်များကို အုပ်ချုပ်စေပြီး ဗမာ့လွတ်လပ် ရေးတပ်မတော် (ဘီအိုင်အေ)ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဂျပန်တို့နှင့်အတူ မြန်မာနိုင်ငံသို့ ချီတက် ခဲ့၏။ ထိုသို့ မချီတက်မီ ဗန်ကောက်မြို့ မျက်စိကုဆရာကြီး ဦးထွန်းဖေ၏ အိမ်တွင် လက်မောင်းသွေးများကို ငွေဖလားအတွင်း သို့ ဖောက်ထည့်ပြီး မြန်မာ့လွတ်လပ်ရေး အတွက် အသက်နှင့်လဲ၍ ဆောင်ရွက်ရန် ထိုသွေးကိုပင်သောက်၍ သစ္စာပြုခဲ့ကြသည်။

 

တိုက်ပွဲများ ပြင်းထန်စွာတိုက်ခိုက်

ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ထိုင်းမှ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းသုံးကြောင်းချီ၍ ဝင်ရောက် ခဲ့သည်။ စစ်ကြောင်းတစ်ကြောင်းသည် ဟင်္သာတအထိ ရေကြောင်းဖြင့် ချီခဲ့သည်။ ဗိုလ်ရန်နိုင် ကြီးမှူးသော တပ်မက မြိတ်နယ်ကို သိမ်းပိုက်ခဲ့သည်။ ထားဝယ် နယ်ကို ဂျပန်တပ်များနှင့် ဂျပန်ဗိုလ် ဗိုလ်အေး၊ ဗိုလ်လကျ်ာတို့ ကြီးမှူးသည့် တပ်မက သိမ်းယူခဲ့သည်။ မြစ်ဝကျွန်းပေါ် ကို ဗိုလ်ရန်နိုင်တပ်နှင့် တက္ကသိုလ် ကျောင်းသား ဗိုလ်အောင် (ဗိုလ်မောင်မောင်)အစရှိသူတို့ ပါဝင်သော အတွင်းသူပုန်တပ် များက သိမ်းပိုက်ခဲ့လေသည်။ ဟင်္သာတ၊ ပဲခူး၊ ထားဝယ်၊ ဖျာပုံ၊ စစ်တောင်းတစ်ဝိုက် ရွှေကျင်၊ ရွှေတောင်၊ ဖာပွန်တိုက်ပွဲများ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် ပါဝင် ခဲ့ပြီး၊ ရွှေကျင်နှင့် ရွှေတောင်တိုက်ပွဲမှာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသည့်အပြင် အထိအခိုက် အကျအဆုံးလည်း များပြား ခဲ့သည်။


မြန်မာနိုင်ငံ တစ်ဝန်းလုံးကို ဂျပန်တို့ သိမ်းပိုက်နိုင်ခဲ့ပြီး ဗမာ့တပ်မတော်သည် အောင်ပွဲများ ဆက်တိုက်ရရှိကာ ဗြိတိသျှ အစိုးရသည် မြန်မာနိုင်ငံမှ ဆုတ်ခွာ ထွက်ပြေးခဲ့ရသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အမြဲတမ်းစစ်တပ်ကြီး တစ်ခုအဖြစ်သို့ ရောက်အောင် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)ဟူ၍ ပြောင်းလဲဖွဲ့စည်း ခဲ့ပြီး ထိုစဉ်က ရာထူးအရ ဗိုလ်မှူးကြီး အောင်ဆန်းကို ဗမာ့ကာကွယ်ရေး တပ်မတော်၏ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

 

မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်

မြန်မာတို့၏ မျိုးချစ်စိတ်ဓာတ် ထက်သန်မှု၊ တိုင်းရင်းသားတို့၏ သွေးစည်း ညီညွတ်ရေးစိတ်ဓာတ်၊ သူ့ကျွန်မခံလိုသော စိတ်ဓာတ်နှင့် ရဲရင့်စွန့်စားသော ဇွဲသတ္တိကို ဖက်ဆစ်တို့ မျက်ဝါးထင်ထင် တွေ့မြင်ကြ ရပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အင်အားကို စိုးရိမ်လာသည်။ ထို့နောက် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် လွတ်လပ်ရေးကို ပေးခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဆောင်၍ နိုင်ငံရေးအရ ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေး(ဖတပလ) အဖွဲ့ကို ဖွဲ့ခြင်းနှင့် မြန်မာတစ်နိုင်ငံလုံးကို စစ်တိုင်းကြီး ရှစ်တိုင်း ခွဲခြားပြင်ဆင်မှုများ ပြုလုပ်ပြီး နောက် ၁၉၄၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင် အထက်မြန်မာပြည် တိုင်းတာဝန်ခံ ဗိုလ်မှူးကြီး ဗထူးက ဖက်ဆစ်ဂျပန်တို့ကို စတင်တော်လှန် တိုက်ခိုက်ခဲ့သည်။ ပြီးနောက် မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ တွင် ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့သည်။ ဖက်ဆစ် ဂျပန်တို့ မြန်မာ့မြေပေါ်မှ ဆုတ်ခွာထွက်ပြေး ခဲ့ကြရသည်။ နောင်တွင် ထိုနေ့ကို တော်လှန်ရေးနေ့ (တပ်မတော်နေ့)ဟု သတ်မှတ်ခဲ့သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အခြေခံ၍ ဆက်လက်ကြိုးပမ်းခဲ့သော ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လာခဲ့လေသည်။ ထို့ကြောင့် ပင် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန် ထက်သန်မှု၊ မျိုးချစ်စိတ်ဓာတ် ထက်သန် ခြင်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု တို့ကို အခြေခံ၍ မြန်မာ့လွတ်လပ်ရေး အတွက် အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ကာ အရယူပေးခဲ့သည့် လွတ်လပ် ရေးအမွေကို အဓွန့်ရှည်တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ကြရမည်ဖြစ်ကြောင်း ရေးသားရင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂) နှစ်မြောက် လွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြု လိုက်ရပေ သည်။