၁၈ ဇွန်
တိုရွန်တို ရက်ပ်တာစ် (Toronto Raptors) အမျိုးသားဘတ်စကတ်ဘော အားကစားပွဲ ချန်ပီယံ ဆုရရှိသည့် အောင်ပွဲအထိမ်းအမှတ်ကျင်းပရန် တိုရွန်တိုတွင် လူအုပ်ကြီး စုဝေးနေချိန် လူနှစ်ဦး ပစ်ခတ်ခံခဲ့ရသည်ဟု ကနေဒါ ရဲတပ်ဖွဲ့က ဆိုသည်။
ကနေဒါနိုင်ငံ၏ အကြီးဆုံးမြို့ကြီးတွင် ယမန်နေ့မွန်းလွဲပိုင်းက ရက်ပ်တာစ် (Raptors) ၏ အောင်ပွဲအခမ်းအနား ကျင်းပနေစဉ် ထိုပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုလူအုပ်ကြီးသည် တိုရွန်တို ရက်ပ်တာစ် (Toronto Raptors) ဘတ်စကတ်ဘော အားကစားအသင်း၏ အမျိုးသားဘတ်စကတ်ဘော ပထမချန်ပီယံဆု ရရှိသည့်အောင်ပွဲရ အခမ်းအနား ကျင်းပနေခြင်းဖြစ်သည်။
ထိုပစ်ခတ်မှုတွင် သံသယရှိသူနှစ်ဦးကို ထိန်းသိမ်းထားခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး တို့သည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ဖော်ပြထားသည်။
အဆိုပါ အောင်ပွဲရအခမ်းအနားသို့ ဘတ်စကတ်ဘောဝါသနာရှင်ပရိသတ် တစ်သန်းခွဲခန့် လာရောက်ကြသည်ဟု ဒေသန္တရမီဒီယာက ဆိုသည်။
ယင်းပစ်ခတ်မှုဖြစ်ပွားပုံ ရိုက်ကူးထားသည့် ဗွီဒီယိုဖိုင်တွင် ပစ်ခတ်မှုဖြစ်ပွားလျှင် ဖြစ်ပွားချင်း ထိုအောင်ပွဲ အခမ်းအနားလာရောက်ကြသူများသည် စူးစူးဝါးဝါးအော်ဟစ်ကြပြီး ခြေဦးတည့်ရာ ပြေးလွှားနေကြသည်ကို ပြသထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို