ကျွန်မကို မရှိမဖြစ်ဂျူးဟု ချစ်စနိုးခေါ်တတ်သော စာရေးဆရာမကြီး ခင်ဆွေဦး၊ ကျွန်မတို့က မေဦးဟု ချစ်မြတ်နိုးစွာ ရင်းနှီးအားကိုးစွာခေါ်သည့် ခင်ဆွေဦးသည် ၂ဝ၁၉ ခုနှစ် တော်လှန်ရေးနေ့တွင် ကျွန်မတို့ကို ထားရစ်ခဲ့လေပြီ။
ခင်ဆွေဦး ကွယ်လွန်ခြင်းသည် နောက်ဆုံးကျန်ရစ် သော အားကိုးရာ အရိပ်ကောင်းသစ်ပင်တစ်ပင် လဲပြို သွားခြင်း ဖြစ်ပါသည်။
ခင်ဆွေဦးကို ကျွန်မစသိသော စာအုပ်တို့မှာ ဥမ္မာ၊ ဖြူဖြူနီနီဝါဝါ၊ မိုးရေချိုချိုနှင့် အသက်ကလေးတဲ့ ရှည်စေလိုတို့ ဖြစ်ကြသည်။ ထိုစဉ်က ကျွန်မအသက်တစ်ဆယ့် နှစ်နှစ် တစ်ဆယ့်သုံးနှစ်လောက် ဖြစ်မည်။ အပျိုဖော် ဝင်ခါစ။ ထို့ကြောင့် ထင်ပါရဲ့၊ ဥမ္မာကိုတော့ ကျွန်မအချစ် ဆုံးပါတည်း။ ဥမ္မာက ဖြူစင်ရိုးသားသည်။ လောကကို တအံ့တသြ ကြည့်မြင်သည့် မျက်လုံးဝိုင်းလေးများနှင့် ဥမ္မာသည် ခင်ဆွေဦးနှင့် တူသည်။ ခင်ဆွေဦးသည် ရိုးစင်းသူမို့ ရိုးအသည်ဟု ကျွန်မအား စာရေးဆရာမ မိတ်ဆွေအချို့က ပြောပြီး မေဦး သမီးဂျူးလေးဟု ရယ်လျှင် မေဦးက အံမာ မေဦးများ လည်တယ်မှတ်လို့လားဟု လွဲချော်စွာ ပြော၏။ ကျွန်မတို့အားလုံး တသောသော ရယ်မောကြရင်း လည်တယ်လို့ မမှတ်ပါဘူး မေဦးရယ်ဟု ကျွန်မတို့က အတည်ပေါက် ကောက်ချက်ချရပါသည်။ ဥမ္မာကို သိပြီးမှ တို့တိုင်းဌာနီကို ကျွန်မသိရသည်။
ကျွန်မတို့က မေဦးဟု ချစ်ခင်လေးစားစွာ ခေါ်သော စာရေးဆရာမကြီး ခင်ဆွေဦးသည် အမှန်တရားကို မြတ်နိုးသူ၊ တရားမျှတခြင်းကို နှစ်သက်သူဖြစ်သည်။ မေဦးအား ရဲရဲတောက် စိတ်ဓာတ်ဆက်ခံအောင် အမွေပေးသူက ဖခင် စာရေးဆရာကြီး မဟာဆွေ ဖြစ်သည်။ ငယ်အမည် မခင်ဦးကို ခဏခဏ စကားထဲမှာ စပ်မိပြီး မေဦးက ပုံပြောသလို ပြောပြသည့်အခါ ကျွန်မတို့သည် မခင်ဦးလေးကို တရေးရေးမြင်ယောင်လာကာ ချစ်စိတ်ဖြင့် ရယ်ပြုံးမိသည်။ သူ့ညီမလေးကို တမင်ဟန်လုပ်ပြီး ညီမလေးဟု မခေါ်ဘဲ မီညယေးဟုခေါ်သည့် မခင်ဦးသည် မြင်းမှာ သွားဘယ်နှစ်ချောင်းရှိသလဲဟု မြင်းပါးစပ်ကို ကိုင်ဖြဲပြီး တစ်ထု နှစ်ထု သုံးထုဟု မပီကလာ ပီကလာ ရေရွတ်စပ်စုတတ်သူလည်း ဖြစ်လေသည်။ ကံကောင်းလို့ မြင်းအကိုက်မခံရတာဟု မေဦးက အသဲတယားယား ပြော၏။
ထိုမခင်ဦးကလေးကို စစ်ကိုင်းမြို့ အောက်တကောင်း ရပ်မှာ ဖခင်ဦးဘဆွေ စာရေးဆရာကြီး မဟာဆွေနှင့် မိခင် ဒေါ်ကြည်ကြည်တို့က မွေးဖွားခဲ့လေသည်။ မေဦး၏ မိခင်ကို ကျွန်မက ဘွားဘွားဟု ခေါ်သော်လည်း တကယ်တော့ အဲဒီဘွားဘွားသည် ကျွန်မဖေဖေထက်ပင် အသက် ငယ်သေးသည်ထင်ပါရဲ့။ ကျွန်မကခေါ်လို့သာ ခေါ်ရသည် ဘွားဘွားကို အားနာရသည်။ အောက်တကောင်းဆိုသည်မှာ စစ်ကိုင်းမြို့၏ ဆင်းရဲသားရပ်ကွက် ဖြစ်သည်။ မေဦး ကံဆိုးလိုက်ပုံများ မွေးတော့ ဆင်းရဲသားရပ်ကွက်မှာ မွေးတာတော့ဟု မေဦးက အပြုံးမပျက် ပုံပြောသလို ပြောလေ့ရှိသည်။ နောက်တော့ လူကုံထံ ရပ်ကွက်ဖြစ်သော အထက်တကောင်းရပ်သို့ ပြောင်းရွှေ့ရသည်။ ထိုအချိန်မှာ မခင်ဦး၌ ခင်ဆွေအေးဟူသော ညီမကလေးတစ်ဦး ရလာသည်။ မခင်ဦးလေးသည် အင်မတန်ရိုးသည်။ သူ့ကို စနောက်လျှင် နောက်မှန်းမသိ။ သို့သော် မခင်ဦးလေးကတော့ သူက ညီမဖြစ်သူအပေါ် ကလေးတို့သဘာဝ ဘယ်လိုအနိုင်ကျင့်ခဲ့သည်ဟု ပြောပြပြီး ရယ်မောလေ့ရှိသည်။ ဖခင်ဖြစ်သူ မဟာဆွေသည် မခင်ဦးကို ကိုယ်ဝန်ဆောင်ချိန်တွင် ငွေကြေးချို့တဲ့သည့် စိတ်ဓာတ်ခိုင်မာသော စာရေးဆရာတစ်ဦးဘဝဖြင့် ရပ်တည်ရသဖြင့် ဂျုံကြမ်းကို ချပါတီ မုန့်လုပ်စားပြီး ချပါတီကို မိသားစု မနက်ပြန် ညပြန်စားသောက်ရသည်။ ထို့ကြောင့် ခင်ဦးလေးကို မွေးသောအခါ ချပါတီမလေး ဟူသော ဝတ္ထုတစ်ပုဒ်ကို ရေးခဲ့သတဲ့။ ထိုချပါတီမလေး ခင်ဦးသည် အသက် ၁၂ နှစ်အရွယ်တွင် ဖခင် စာရေးဆရာကြီးကို အားကျကာ ဆောင်းပါးလေးရေးခဲ့ပြီး စာရေးဆရာမ ဖြစ်လာခဲ့သည်။
ခင်ဆွေဦး၏ ဝတ္ထုတို့ကို တစ်အုပ်မကျန်ဖတ်ပြီး မှတ်မိ သူတွေထဲမှာ ကျွန်မပါဝင်ပါသည်။ ကျွန်မကို စိတ်ဓာတ် ခွန်အားမြှင့်တင်ပေးသည့် စာတို့ကို ခင်ဆွေဦးထံမှ ကျွန်မရခဲ့သည်။ ခေါင်းစဉ်ကလေးတွေကိုပဲ ကြည့်ပါဦး။ မိုးရေ ချိုချိုတဲ့။ ပုလဲငုံတဲ့။ ကျွန်မကလေ မေဦး၏ အဓိကဇာတ်ကောင် တချို့ထက် အားဖြည့်ကာ အရန်ဇာတ်ကောင်ကို ပိုချစ်သူ ဖြစ်သည်။ မေဦးသိတော့ သဘောကျစွာ ရယ်မောသည်။ ဥမ္မာဝတ္ထုထဲမှာ အဓိကဇာတ်ကောင်က ကိုလှိုင်ဦးဖြစ်ပြီး ကိုလှိုင်ဦးကို ကျွန်မက မချစ်။ ဒုတိယဇာတ်ကောင် ကိုမင်းဇော်ကို ကျွန်မ ချစ်သည်။ ကိုလှိုင်ဦးကို ဥမ္မာက ချစ်သော်လည်း ကျွန်မက သိပ်မချစ်မိတော့ ကိုလှိုင်ဦးနှင့် မရဘဲ ကိုမင်းဇော်နှင့် ရသည့်အခါ ကျွန်မ ကျေနပ်ကြည်နူး လေသည်။ မေဦးက ဟုတ်တယ်။ တချို့စာဖတ်သူတွေ တော်တော်များများ ကိုမင်းဇော်နဲ့ သဘောတူကြတာဟု လိုက်လျောစွာ ပြောခဲ့သည်။
ခင်ဆွေဦး၏ ဝတ္ထုတွေကို ဖတ်ပြီးနောက် နောက်ထပ် ဖတ်လိုသော စာအုပ်တွေအကြောင်း သိခဲ့ရသည်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဆွေဦးသည် လူငယ်တွေအား စာအုပ်တွေအကြောင်း မသိမသာညွှန်းပေးတတ်လို့ပေါ့။ ချေဂွေ ဗားရားတို့၊ ကက်စထရိုတို့၊ ပလေတိုတို့ကို ကျွန်မ သိလာသည်။ ခင်ဆွေဦးသည် လူငယ်တို့ကို ထူးချွန်ထက်မြက်စေချင်ရုံ သာမက စိတ်သဘောထား မြင့်မြတ်စေချင်သည်။ သူ့ဝတ္ထုတွေကို ဖတ်ပြီးနောက် ကျွန်မသည် စိတ်ဓာတ် မြင့်မြတ်သူဖြစ်ဖို့ ပိုပြီးကြိုးစားလာခဲ့မိဟန်တူပါသည်။ ခင်ဆွေဦးက ရုပ်ရှင်တွေကိုလည်း ညွှန်းပေးသည်။ သတ္တိ ကောင်းပြီး စိတ်တည်ငြိမ်သော မိန်းမတို့ကို မေဦး၏ စာတွေမှာ ကျွန်မတွေ့ရသည်။ မေဦးသည် ရဲဝံ့ခြင်းနှင့် တည်ကြည်ခြင်းတို့ကို ကျွန်မအား သင်ကြားပေးခဲ့သည်။
ကျွန်မသည် တို့တိုင်းဌာနီကို ဖတ်ပြီးသည့်နောက်တွင် ခင်ဆွေဦး၏ အမာခံ ပရိသတ် ဖြစ်ခဲ့တော့သည်။ ခင်ဆွေဦးကို ပထမဆုံးမြင်ဖူးသည့် အချိန်မှာ ကျွန်မသည် မိခင်တစ်ယောက်၏ မေတ္တာကို ပြန်ရလိုက်သလိုပါပဲ။ ကျွန်မကို သမီးတစ်ယောက်ကဲ့သို့ချစ်သည်။ ခင်ဆွေဦးသည် လူငယ်တို့ကို အင်မတန် စေတနာထားသူ ဖြစ်သည်။ နားလည်တတ်သူဖြစ်၏။ လေးစားတတ်သူလည်းဖြစ်၏။
စာပေအရာတွင် မေဦးသည် တာဝန်ကျေရုံမက ပိုလျှံခဲ့ပြီဟု ကျွန်မ မကြာခဏ ပြောမိသည်။
၂ဝ၁၈ ဒီဇင်ဘာ မေဦးမွေးနေ့တွင် မေဦး နည်းနည်းတော့ နေလို့ထိုင်လို့ မကောင်းတော့ပေ။ ပထမတော့ အဆုပ်ရောဂါ တီဘီဟုထင်ပြီး စိုးရိမ်သည်။ နောက်တော့ ကင်ဆာဖြစ်မလားဟု စိုးရိမ်သည်။ အသေအချာ ဆရာဝန်ပြပြီး စမ်းသပ်စစ်ဆေးသည့်အခါ Pulmonary Fibrosis ဟု သိရတော့ ကျွန်မတို့မှာ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်ရတော့သည်။ မေဦးကို နောက်ထပ် နှစ်ပေါင်းများစွာ အသက်ရှင်စေချင်သည်။ ဒေါ်ကလျာ (ဝိဇ္ဇာသိပ္ပံ)က ကျွန်မသေရင် ငိုမယ့်သူရှိပါ့ မလားဟု နောက်သလို ပြောင်သလို ပြောတော့ မေဦးက အို မမဦး ငိုမှာပေါ့တဲ့။ အသက်အရကိုပဲ အန်တီကလျာက မေဦးထက် ငါးနှစ်လောက်ငယ်သည်မို့ ကျွန်မတို့ ပြုံးကြရသည်။ မေဦးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်များ ယုံကြည်လိုက်ပါသလဲ။ မေဦး အခုလို နေမကောင်းဖြစ်လိမ့်မည်ဟု ထင်မှ မထင်ခဲ့မိဘဲ။ အခုတော့ မေဦးက အရင်ထွက်ခွာနှင့်ပြီ။ အားကိုးရာ သစ်ပင် ကောင်းပြိုလဲခဲ့ပြီ။ သို့သော် ကျွန်မအားတင်းပါ၏။ ကျွန်မတို့၏ရင်ထဲမှာ မေဦး၏ လင်းလက်တောက်ပသော အပြုံးနှင့် ချိုသာသောရယ်သံသည် ထာဝရကိန်းအောင်း ကျန်ရစ်ပါလိမ့်မည်။
ဂျူး
