ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားတိုးပွားလျက်ရှိရာ ယခုလက်ရှိတွင် လူဦးရေသန်းပေါင်း ၇၀ဝ၀ ကျော်ရှိရာမှ နောင်လာမည့် ၂၀၅၀ ပြည့်နှစ် တွင် လူဦးရေသန်းပေါင်း ၉၀ဝ၀ ကျော်ရှိလာမည်ဟု ခန့်မှန်းထားသည်။ လူဦးရေတိုးပွားလာမှုနှင့်အတူ ပြည်သူများ၏ လူနေမှုဘဝရှင်သန် ရပ်တည်ရေး အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ထား ရတော့မည်ဖြစ်သည်။

တိုးတက်များပြားလာသော ပြည်သူများ အသက်ရှင်သန်ရပ် တည်ရေးတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် ဘေးကင်းပြီး သန့်ရှင်းသော သောက်သုံးရေရရှိရေးသည် အရေးကြီးသော အချက်ဖြစ်သည်။ လူဦးရေထူထပ်လာသော မြို့ပြများအတွက် အရေးကြီးသောလိုအပ်ချက်မှာမိလ္လာ၊ အညစ်အကြေး စွန့်ထုတ်မှုစနစ်နှင့် ၎င်းအတွက် ရေလိုအပ်မှုဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ၌ လူဦးရေအထူ ထပ်ဆုံးဖြစ်သော ရန်ကုန်မြို့ပြကြီးတွင် ထိုအကြောင်းကိစ္စများသည် ကြီးမားသောပြဿနာများ ဖြစ်လာနိုင်ဖွယ်ရှိသည်။

ယနေ့ကမ္ဘာတွင် လူဦးရေတစ်ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေမရနိုင်သော ကြောင့် ၎င်းတို့၏ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိနေသည်။ ယင်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရာသီဥတုပြောင်းလဲမှု တို့ကြောင့် ရေနှင့် ဆက်နွှယ်သော အခက်အခဲပြဿနာများ ကမ္ဘာအနှံ အပြားတွင် ကြုံတွေ့နေရသည်။

သဘာဝဘေးကြောင့် ဘေးကင်းလုံခြုံသော သောက်သုံးရေ၊ စိုက်ပျိုးရေတို့သည် စိုက်ပျိုးမွေးမြူရေး ကဏ္ဍများတွင်သာမက ကဏ္ဍပေါင်းစုံတွင် ထိခိုက်မှုရှိပြီး ပြည်သူများကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်းပြုရေးနှင့် နိုင်ငံများရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအပေါ် ကြီးမားသည့်သက်ရောက်မှုများ ဖြစ်ပေါ်နေဆဖြစ်သည်။ ထိုအခက်အခဲများသည် လူဦးရေတိုးလာသည်နှင့်အမျှ အခက်အခဲများ တိုးလာမည်။

ကမ္ဘာ့ပြည်သူများ နီးနီးကပ်ကပ်ကြုံတွေ့ရမည့် ပြဿနာတစ်ရပ်မှာ မိလ္လာနှင့်ရေဆိုးစနစ်ဖြစ်သည်။ ယနေ့ကမ္ဘာ့လူဦးရေ၏ ၂ ဒသမ ၃ ဘီလီယံခန့်သည် ကောင်းမွန်သည့်မိလ္လာစနစ်နှင့် အလှမ်းဝေးနေဆဲ ဖြစ်သည့်အတွက် ကမ္ဘာ့ပြည်သူများ အသက်ရှည်ကျန်းမာရေးတွင် သက်ရောက်မှုများ ခံစားနေရဆဲ ဖြစ်သည်။ မိလ္လာစနစ်နှင့် ရေဆိုးစွန့်ထုတ်မှု စနစ်သည် ကြီးမားသောစိန်ခေါ်မှုဖြစ်ပြီး နောင်တိုးပွား လာမည့် လူဦးရေအတွက် ဖြေရှင်းရခက်သည့် ပြဿနာတစ်ရပ်ဖြစ်လာနိုင်သည်။

လူဦးရေတိုးပွားမှု၊ လူနေထူထပ်လာမှု၊ စက်မှုဇုန်နှင့်စီးပွားရေးဇုန် များ တိုးတက်များပြားလာမှုစသည့် လူမှုဘဝတိုးတက်မှုများသည် အကောင်းဘက်သို့ဆောင်သော်လည်း မိုးရွာသွန်းမှု မမှန်ကန်မှု၊ ရေ လိုအပ်ချက် ပိုမိုများပြားလာမှုတို့ကြောင့် သန့်ရှင်းသောရေရရှိရေး အတွက် အခက်အခဲများ ဖြစ်ပေါ်နေ သည်။ အညစ်အကြေးများကို စနစ်တကျ သန့်စင်ခြင်းမရှိဘဲ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်လိုက်သည့် ရေဆိုးနှင့် ဓာတုပစ္စည်းများကြောင့် ရေထုညစ်ညမ်းမှုပြဿနာများ ဖြစ်ပေါ်လျက် ရှိသည်။

အဆိုပါ အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲရေးကို ရေတို၊ ရေလတ်နှင့် ရေရှည်အစီအမံများ ချမှတ်ဆောင် ရွက်ကြရမည်ဖြစ်သည်။

အားလုံးပါဝင်ဆောင်ရွက်ကြသော လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင် ကောင်းများကို ဖန်တီးပေးကြရမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေအရင်းအမြစ်ကော်မတီကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းပြီး ယနေ့ထက်တိုင် နည်းလမ်းရှာဖွေ အဖြေရှာကြံဆဆောင်ရွက် နေကြသည်။

သို့ဖြစ်ရာ တိုးတက်များပြားလာသော လူဦးရေနှင့် အနာဂတ်တွင် ထပ်မံတိုးပွားလာမည့် လူနေမှုဘဝ များတွင်အရေးပါသည့် သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာ၊ ရေဆိုးစွန့်ထုတ်စနစ်များ ပိုမိုကောင်းမွန်လာအောင် အားလုံးပူးပေါင်းပါဝင်၍ အတူတကွဆောင်ရွက်သွားမှသာ အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း။       ။

 

ကြေးမုံ