သတင်းဆောင်းပါး - ရှင်မင်း
“စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးသည် စာဖတ်ကြလေသည်”ဟူ၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သော ဦးသန့် ပြောကြားခဲ့သောအဆိုအမိန့်သည် ထင်ရှားလှပါသည်။
ထို့အတူ “ကမ္ဘာပတ်စရာမလိုဘူး၊ စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ်”ဟူ၍ စာဖတ်ခြင်းဖြင့် အရာရာသိရှိ နိုင်ကြောင်းကို ဖော်ညွှန်းကြပါသည်။ စာဖတ်ခြင်းသည် အဆိုးမှ အကောင်းကို ပြောင်းလဲစေနိုင်ပါသည်။ “အလိမ္မာစာမှာရှိ”ဟုလည်း ဖော်ညွှန်းကြပါသည်။ “ကလေးတွေ စာဖတ်ကြလေ၊ ဒါမှ သူများထက် သာမှာ၊ သူများအလိမ်အညာမခံရမှာ”ဟူ၍ ဘိုးဘွား လူကြီးမိဘများက ကလေးသူငယ်၊ ကျောင်းသား ကျောင်းသူများကို ဆိုဆုံးမသည့်အသံမှာ ရပ်ထဲရွာထဲ ကြားနေကျ ဓလေ့စကားတစ်ခုဖြစ်၍ နေပါသည်။ ထို့အတူ စာပေနှင့် ကင်းကွာခြင်း၏ အကျိုးတရားများကို လည်း ပုံပြင်များ၊ ရပ်ထဲရွာထဲဖြစ်ရပ်များဖြင့် ဘိုးဘွား လူကြီးမိဘများက ဥပမာပြ ပြောဆိုတတ်ကြပါသေး သည်။ ထိုကဲ့သို့သော စကားများကို တွင်တွင်သုံး ဆုံးမ ခြင်းမှာ စာဖတ်ခြင်းသည် ဘဝကိုအေးချမ်းဖြောင့်ဖြူး အောင် စွမ်းဆောင်ပေးနိုင်သည့်အတွက်ကြောင့် ဆိုသည်မှာ ယုံမှားဖွယ်မရှိပေ။
စာပေကများစွာထောက်ပံ့
လူတော်လူကောင်း၊ လူကောင်းလူတော် စသည် ဖြင့် ပြောဆိုကြရာတွင်လည်း တော်သည်ဆိုသည်မှာ လူ့စွမ်း၊ ဉာဏ်စွမ်းနှင့် သက်ဆိုင်ကြောင်း၊ ကောင်းသည် ဆိုသည်မှာ အကျင့်စာရိတ္တနှင့် သက်ဆိုင်ကြောင်း စာရေးဆရာ ဆရာအောင်သင်းက ပြောကြားခဲ့ဖူးပါ သည်။ လူ့စွမ်း၊ ဉာဏ်စွမ်းပြည့်ဝရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ရန် စာပေက များစွာထောက်ပံ့ ပေးသည်။
ထို့ကြောင့် စာပေဖတ်ရှုခြင်းအလေ့အထ လူငယ် များအပါအဝင် ပြည်သူများအကြား ပေါက်ဖွားရှင်သန် စေရန် စာပေပွဲတော်များ၊ စာပေစကားဝိုင်းများ၊ လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များ၊ အသိပညာပေးဆွေးနွေး ပွဲများ၊ စာအုပ်အရောင်းပွဲတော်များကို နိုင်ငံအနှံ့ အားပေးဆောင်ရွက်လျက်ရှိသည်။
“ကလေးတွေ ငယ်ငယ်ကတည်းကနေစပြီး စာဖတ်ဖို့အတွက် မိဘတွေကအားပေးကြပါ။ နောက် ပြီးတော့ ဖတ်တဲ့စာတွေကို ဆွေးနွေးတဲ့ အလေ့အကျင့် လည်း လုပ်ပေးပါ။ ကျွန်မတို့ စာဖတ်ဝိုင်းလုပ်တယ် ဆိုတာ ဒါပါပဲ။ ကိုယ်ဖတ်ထားတဲ့စာကို ကိုယ်သုံးသပ်နိုင် အောင်၊ ဆွေးနွေးတတ်အောင်၊ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူတာကို ယဉ်ယဉ်ကျေးကျေး နဲ့ ဆွေးနွေးနိုင်အောင်လို့ ဖြစ်ပါတယ်။
“ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ စိတ်ဓာတ်မဟုတ်ဘူး။ ငယ်ငယ်ကတည်းက စာအုပ်တစ်အုပ် ဖတ်လိုက်တဲ့အခါ ကျရင် ကလေးငါးယောက်က စာအုပ်တစ်အုပ်ဖတ်တယ်။ သူတို့အတွေးက ငါးမျိုးထွက်လာတယ်။ အဲဒီကတည်းက ဪ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ မတူ ပေမယ့်လည်း ဟိုလူကမှားတယ်၊ ငါ့လူကမှန်တယ်။ ဟိုလူကသာတယ်။ ငါကညံ့တယ်။ ဒီလိုဟာမျိုးလည်း မဟုတ်ဘူး။ သူ့အတွေးနဲ့သူ အားလုံးပေါင်းလိုက်တဲ့အခါ ကျရင် ပိုပြီးအတွေးပေါင်းစုံသွားလို့ ပိုပြီးပြည့်စုံတယ် ဆိုတဲ့ စိတ်ဓာတ်တွေကိုလည်း ဖြစ်စေလို့ စာဖတ်ဝိုင်းတွေ ကို ကျွန်မတို့ အားပေးတာဖြစ်ပါတယ်”ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
တိုက်ရိုက်အချိုးကျ
“စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးသည် စာဖတ်ကြလေသည်” ဟူသော စကားကဲ့သို့ပင် နိုင်ငံဖွံ့ဖြိုးရေးသည် စာဖတ်ခြင်းအလေ့အထ၊ စာပေ ထွန်းကားမှုအလေ့အထနှင့် တိုက်ရိုက်အချိုးကျနေပါသည်။
“တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ အဲဒီတိုင်းပြည်မှာ စာပေထွန်းကားမှုဟာ တိုက်ရိုက်အချိုးကျတယ်။ တိုက်ရိုက် ဆက်နွှယ်နေတဲ့သဘောရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်မှာ စာအုပ်စာပေ အင်မတန်မှ ပေါများပါတယ်။ လူတွေကလည်း စာကို အင်မတန်မှဖတ်ပါတယ်။ အဲဒီ တော့ စာပေထွန်းကားဖို့နဲ့ စာပေဖွံ့ဖြိုးတိုးတက်ဖို့ဟာ ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒွန်တွဲတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ပြောလေ့ရှိပါတယ်။ တိုင်းပြည်ဟာ အင်မတန်မှ သယံဇာတတွေ ပေါကြွယ်ဝတဲ့တိုင်းပြည်လို့ ပြောတဲ့စကားရှိပါတယ်။ သို့သော် အခုအခါမှာတော့ များများစားစား ဒီစကားကိုမပြောကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူအတော်များများကပဲ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုဟာ သဘာဝသယံဇာတ ထက် လူသယံဇာတ ဖွံ့ဖြိုးမှုကပိုအရေးကြီးတယ်ဆိုတာကို သိမြင်လာကြပြီဖြစ်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ မြေပေါ်၊ မြေအောက် သယံဇာတတွေ ဘယ်လောက်ရှိရှိ တိုင်းသူပြည်သားက အရည်အချင်း အစွမ်းအစမရှိဘူး၊ တစ်နည်းအားဖြင့် ပြောရင် လူသယံဇာတ မဖွံ့ဖြိုးဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည် မဖွံ့ဖြိုးမတိုးတက်နိုင်ပါဘူး}}ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မော်လမြိုင်မြို့၌ ကျင်းပသည့် ကလေးစာပေပွဲတော်တွင် ပြောကြားခဲ့ပါသည်။
လူသယံဇာတအရင်းအမြစ်
ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသယံဇာတ အရင်းအမြစ်များ ပေါကြွယ် ဝစေရန် အားထုတ်ကြိုးပမ်းလာကြသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံများရှိ သဘာဝသယံဇာတ အရင်းအမြစ်သည် အကန့်အသတ်ရှိသည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်းရာတွင် နိုင်ငံသားတို့၏ စွမ်းရည်အရင်းအမြစ်ကိုသာ ကြိုးစားမြှင့်တင်လာကြသည်။ ထိုသို့ မြှင့်တင်ရန်အတွက် စာပေပညာ၏ အခန်းကဏ္ဍကို မြှင့်တင်အားပေးဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံတွင်လည်း စာပေပညာ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်သည့် နည်းလမ်းတစ်ခု အနေဖြင့်ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲများ၊ ပြည်သူ့စကားဝိုင်းများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကိုအစိုးရမှ နိုင်ငံအနှံ့ အားပေးဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ အားပေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း တင်ပြလိုပါသည်။
ကလေးစာပေပွဲတော်များ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကာ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ ရန်ကုန်နှင့် ပုသိမ်တို့တွင် ကလေးစာပေ ပွဲတော်များ ကျင်းပခဲ့ပြီးဖြစ်သည်။၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကာ ကလေးစာပေပွဲတော်ကို သုံးရက်တာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အလားတူ ပဲခူးမြို့၌ ကျင်းပရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရှိရပါသည်။
ကလေးစာပေပွဲတော် ခရိုင်အဆင့်ကျင်းပမှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ ရွှေဘို၊ ထားဝယ်၊ ပဲခူး၊ ပခုက္ကူ၊ စစ်တွေ၊ လားရှိုး၊ ဖျာပုံတို့တွင် လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်၊ သထုံ၊ ကသာ၊ မိတ္ထီလာ၊ ဗန်းမော်၊ ကျောက်ဖြူ၊ ကျိုင်းတုံ၊ မင်းတပ်၊ ဘော်လခဲ၊ မကွေး ကော့သောင်း၊ မြဝတီ၊ မြိတ်၊ သန်လျင်၊ ဟင်္သာတတို့တွင် လည်းကောင်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကလေး၊ သာယာဝတီ၊ မင်းဘူး၊ အင်းစိန်၊ ကျောက်ဆည်၊ ဖလမ်း၊ မိုးညှင်း၊ သံတွဲ၊ ကော့ကရိတ်၊ မူဆယ်နှင့် မအူပင်တို့တွင် လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်သည်။
သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ နှင့် စာကြည့်တိုက်များကွန်ရက်တို့ ပူးပေါင်းကာ ဒေသအစီ အစဉ်အဖြစ် မြိတ်၊ ပဲခူး၊ နတ်တလင်း၊ တီးတိန်၊ ကျောက်တံခါး၊ ကျိုက်ထို၊ နွားထိုးကြီးတို့တွင် ကလေးစာပေပွဲတော် ကျင်းပ ခဲ့ပြီးဖြစ်သည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်
လူငယ်များအချင်းချင်းအသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ် လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိ ရန်ကုန်တက္ကသိုလ်တွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေး တက္ကသိုလ်တွင် လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည့် အတွက် အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများ အကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဒီမိုကရေစီ၏ အင်္ဂါရပ်များနှင့်အညီ ဆွေးနွေးပြောကြား နိုင်သည့် အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ရန်၊ မိမိ ရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများ ကို အများပြည်သူ ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူ လူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့ အထများ ဖြစ်ပေါ်စေရန်အတွက် ဖော်ဆောင်သွားရ မည်ဖြစ်သည်။
လူထုအခြေပြုဗဟိုဌာနများ
ထို့အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ရုံးစာကြည့်တိုက်များကို အများပြည်သူ ဝင်ထွက်သွားလာနိုင်သည့်၊ အများပြည်သူနှင့် ရင်းနှီး သည့်၊ အများပြည်သူလာချင်သည့်၊ အများပြည်သူနှင့် အကျွမ်းတဝင်ရှိသည့် လူထုအခြေပြုဗဟိုဌာနများအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကာ တိုင်းဒေသကြီး၊ ပြည်နယ်များ မှ ခရိုင်၊ မြို့နယ် ၁၃ ရုံးကို လူထုအခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ လူထုအခြေပြုဗဟိုဌာနများတွင် စာဖတ် ဝါသနာပါသူ၊ စာပေဝါသနာပါသူများ စုစည်းပြီး စာအုပ် စာစောင်များ ချစ်မြတ်နိုးသူများအသင်း (Book Club) များ ဖွဲ့စည်းကာ စာပေဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြသည်။ ထိုကဲ့သို့ စာဖတ်ဝါသနာပါသူ၊ စာပေဝါသနာပါသူများ စုစည်းပြီး စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများ အသင်းများဖွဲ့စည်းကာ စာဖတ် ဝိုင်းများ၊ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာအုပ်စာစောင် ဝေဖန်သုံးသပ်မှုများကို ၂၀၁၇ ခုနှစ် စက်တင်ဘာမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ၃၂၃ ကြိမ် ကျင်းပ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်သူ့ စကားဝိုင်းများကိုလည်း ကျင်းပနိုင်ခဲ့ကြကြောင်း သိရှိရ ပါသည်။
ထိုကဲ့သို့ စာပေဆိုင်ရာ မြှင့်တင်လှုပ်ရှားမှုများ အဖြစ် စာပေပွဲတော်များ၊ စာပေစကားဝိုင်းများ၊ လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များ၊ အသိပညာပေးဆွေးနွေး ပွဲများ၊ စာအုပ်အရောင်းပွဲတော်များကို နိုင်ငံအနှံ့ အားပေးဆောင်ရွက်လျက်ရှိသည့်အပေါ် ပြည်သူများ ဝမ်းမြောက်ဝမ်းသာ ပါဝင်ကြသည်မှာလည်း အားရဖွယ် ဖြစ်ပါသည်။
စာဖတ်ခြင်းအကျိုးကျေးဇူးများ
စာဖတ်ခြင်းသည် အသိပညာများ၊ ဗဟုသုတများ ရရှိနိုင်သည့်အပြင် လေ့လာတွေ့ရှိမှုများအရ ဦးနှောက် ကျန်းမာရေးကောင်းမွန်ခြင်း၊ မှတ်ဉာဏ်စွမ်းအား ကောင်းမွန်ခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့နည်းခြင်းစသည့် အကျိုးကျေးဇူးများကို ခံစားရစေနိုင်ကြောင်း သိရှိရပါသည်။ နိုင်ငံအတွက် နိုင်ငံသား သယံဇာတဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကကျလျက်ရှိပြီး စာဖတ်ခြင်းသည် နိုင်ငံသား သယံဇာတဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ နိုင်ငံသား သယံဇာတများ ခိုင်မာအားကောင်းသည့် နိုင်ငံတစ်ခု ဖြစ်လာရန်၊ တိုးတက်သောနိုင်ငံတစ်ခုဖြစ်စေရန် စာဖတ်ခြင်း အလေ့အထကို မြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။