တကောင်း၊ ၁၀ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တကောင်းဒေသရှိ နှမ်းစိုက်တောင်သူများ ရာသီဥတုကြောင့် နှမ်းအထွက်နှုန်း လျော့နည်းပြီးဈေးကောင်းမရရှိသဖြင့် အခက်အခဲများစွာကြုံတွေ့နေရ ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ရာသီဥတုဖောက်ပြန်လို့ နှမ်းအထွက်နှုန်း တော်တော်လေး လျော့တယ်။ မနှစ်ကလောက်လည်း ဈေးကောင်းမရဘူး။ ကိုဗစ်ကြောင့်တစ်မျိုး၊ တောင်သူလုပ်ငန်းရှုံးလို့ အကြွေးတင်တာ တစ်မျိုး နဲ့ ဒီနှစ်တော့ တောင်သူအားလုံးလိုလို အဆင်မပြေဖြစ်ကြတာ များတယ်”ဟု တကောင်းဒေသခံ တစ်ဦးဖြစ်သူ တောင်သူ ဦးမြင့်လွင်က ပြောသည်။
တကောင်းဒေသတွင် နှမ်းစိုက်ကာလ နှမ်းကျဲချိန်၌ မိုးအလွန်ခေါင်သဖြင့် နှမ်းပင်များဖြစ်ထွန်းမှု အားနည်းခြင်း၊ ရိတ်သိမ်းချိန်တွင်လည်း မိုးများစွာရွာသွန်းသဖြင့် ပျက်စီးမှုများရှိခဲ့ခြင်း စသော ရာသီဥတု ဖောက်ပြန်မှုများကို ကြုံတွေ့ခဲ့ရသဖြင့် တောင်သူများ မျှော်မှန်းထားသလောက် သီးနှံအထွက်နှုန်း မရခဲ့ပေ။
ယခင်နှစ်က နှမ်းတစ်တင်းလျှင် ငွေကျပ် ၈၀ဝ၀ဝ ဝန်းကျင်ခန့်ရှိပြီး ဈေးတည်ငြိမ်ခဲ့သော်လည်း ယခုနှစ်တွင် နှမ်းတစ်တင်းလျှင် အရည်အသွေးအလိုက် အမြင့်ဆုံး ငွေကျပ် ၆၀ဝ၀ဝ မှနေ ၃၅၀ဝ၀ ဝန်းကျင်အထိသာ ဈေးရှိခဲ့ကြောင်း၊ ယခုရက်ပိုင်းတွင် အရည်အသွေးကောင်းသော နှမ်းများသာ တစ်တင်း ငွေကျပ် ၅၈၀ဝ၀ ဝန်းကျင်ခန့်ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး နှမ်းညံ့ နှမ်းဖျင်းများမှာ အရောင်းထိုင်း၍ ဝယ်သူမရှိသလောက်ဖြစ်နေကြောင်း သီးနှံပွဲရုံများ၊ နှမ်းရောင်းဝယ်သူများထံမှ သိရသည်။
“နှမ်းဈေးကျနေလို့ ဈေးတက်တဲ့အထိ သိုလှောင်ပြီးလည်း မထားနိုင်ဘူး။ မိသားစုစားဝတ်နေရေး၊ အလုပ်သမားခ ပေးဖို့တွေ ရှိသေးတယ်။ အဲဒါကြောင့် ဈေးမကောင်းလည်း ချက်ခြင်းရိတ်၊ ချက်ခြင်း နေလှမ်းပြီး ချက်ခြင်းရောင်းချနေရတယ်။ ဒီပုံအတိုင်းဆို လာမယ့်နှစ်စိုက်ပျိုးရာသီမှာ တောင်သူ လုပ်ငန်းဆက်လုပ်ဖို့ တော်တော်လေး ကြိုးစားရုန်းကန်ကြရဦးမယ်” ဟု တောင်သူ ဦးမြင့်လွင်က ဆက်ပြောသည်။
ကိုကိုအောင် (တကောင်း)


